Friday, January 27, 2012

စိတ်ဓာတ်မြှင့်တင်ရေး


ဆင်းရဲမွဲတေမှု ပပျောက်ရေးကိုလောကရေးရာဘက်က ဘယ်လိုဘဲ အကောင်ထည်ဖော်ဖော်
ဓမ္မရေးရာနဲ့ တူညီမှုမရှိသေးရင်တော့    ထိုစီမံကိန်းသည် ရုပ်ဝတ္ထု၏    တိုးတက်ရေးသို့သာ
ဦတည်နေပြီး စိတ်ဓာတ်ရေးရာ    ကျဆင်းရခြင်းဟူသော    ဆိုးကျိုးရလဒ်ကိုပင် ပိုင်ဆိုင်သွား
နိုင်လေ၏။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလိုက်ပြီး လူနေမှုဘ၀အဆင့်တန်း မည်သို့ပင်ပြောင်းလဲစေကာမူ
စိတ်ဓာတ်၏ အသိတရားဖြင့် ထိမ်းကွပ်ခြင်းမရှိလျှင်တော့ အသိအမြင်မှောက်မှားကာ ဘဝ
သံသရာကိုပင် အန်တုချင်လာတတ်လေ၏။ ထိုအချိန်သည် မာန်မာနတရားတို့၏ ကြီးစိုးမှု
အထွက်ထိပ်သို့ရောက်သွားနိုင်သော အခြေနေဖြစ်သွားသဖြင့် ဖျောင့်ဖျ နားချရခက်ခဲသော
အနေအထားသို့ မလွဲမသွေ ဧကန်ရောက်ရှိသွားပေတော့၏။

ထိုအခါ အသိတရားတို့သည် ငွေကြေး၏ သိမ်းသွင်းဆွဲဆောင်ရာသို့ မသိမသာလိုက်ပါ
သွားတော့၏။   ဒေသနာက ၄င်းအချိန်ကို ` ဆုပ်ကပ်´ ဟုသတ်မှတ်ထားသောအခါဖြစ်
သည်ကိုလည်း    သတိထားမိသူ နည်းပါးနေသဖြင့် ဂုဏ်ကြီးသူတို့၏ လုပ်ရပ်သည်သာ
ဟုတ်သည် မှန်သည် ဟုထင်မှတ်နေတော့မည်သာဖြစ်၏။

အမှန်အားဖြင့် အဆုံးမတရားတော်တို့၏တည်နေရာအစစ်ကား နှလုံးသားမှာသာဖြစ်သည်။
သို့သော် ပါစပ်ဖျားတွင်သာ လမ်းဆုံးနေသဖြင့် တိကျသောအကျိုးသက်ရောက်မှုကိုမခံစား
ရခြင်းဖြစ်ပါသည်။

ဘ၀ကံအကျိုးပေးမကောင်းသူတို့သည် အားကိုးရာအဖြစ် တစ်စုံတစ်ခုကိုရှာဖွေကြသော
အခါ အသိတရားအားကိုးပြီး စစ်မှန်သော ဓမ္မကို ရှာဖွေသူတို့ကား   မရှိသလောက်နည်း
ပါးကြသည် ကိုမျက်မှောက်လောကတွင် ထင်ရှားစွာတွေ့မြင်နိုင်လေ၏။

ကောင်းကံသည်သာ ကောင်းကျိုးကိုပေးတတ်၏၊ ကောင်းရာဘ၀သို့ ရောက်အောင်ပို့ဆောင်
တတ်၏ ဟူသော ဓမ္မအလင်းတန်းကို ထွန်းညှိထားသော်လည်း    အသိဥာဏ်အမြင်ကန်းနေ
သော သူတို့အတွက် မည်သို့မျှ မြင်နိုင်ဖွယ်မရှိတော့ပေ။

ထိုသို့ ဓမ္မအသိ အမြင် မရှိသောသူတို့အတွက် စစ်မှန်သောချမ်းသာ၏ ဝေးရာသို့ ရောက်
သွားသောအခါ စည်းစိမ်ဥစ္စာ ပေါများသလောက် ထိုသူအတွက် စိတ်မချမ်းမြေ့မှုတို့သည်
မိမိပိုင်ဆိုင်ထားသော ငွေကြေးတို့ဖြင့် ၀ယ်ယူထားသည့်အလား တိုးပွားလာမည်ဖြစ်၏။

ဘ၀၏ အေးချမ်းမှုသရုပ်ကိုဖော်ဆောင်ရာတွင် ငွေကြေး ဂုဏ်ပကာသနသည် တစ်ခဏတာ
နှစ်သိမ့်မှုကိုသာပေးတတ်၏။ လောဘ၏ အခိုးအငွေ့သည် ချမ်းသာသည့်အသွင်ကိုဆောင်
ထားသဖြင့် လူသားအားလုံး၏ ပန်းတိုင်ဟုမှတ်ထင်တတ်ကြလေ၏။ ထို့ကြောင့် ရအောင်
တိုးပွားအောင် လူသားတိုင်းကြံဆောင်နေကြလေ၏။ တကယ်တမ်းသိရှိလာသောအခါတွင်
ဆေးလွန်သောအနာ ဖြစ်နေသူက များနေတော့၏။      ဆေးရှိသော်လည်း သောက်ဖို့ရန်
တွန့်ဆုပ်နေသောအဖြစ်သို့ရောက်ရှိသွားတတ်လေ၏။ လုံးဝပျောက်ကင်းနိုင်သော အခြေ
အနေ မပေးသော်လည်း သက်သာမှု တစ်စုံတစ်ရာကို ပေးစွမ်းနိုင်သောအဖြစ်ကိုရောက်ရှိ
နိုင်သည်ကို သတိပြုမိလျှင် အချိန်မှီသေးသည်ဟုသာ။

ထို့ကြောင့်တိုးတက်မှုသည် အသိမြင် ဓမ္မ၏ ထိမ်းကွပ်မှုအောက်က ရုံးထွက်လို့ မရနိုင်
သည်ကို ထင်ရှားပေါ်လွင်သော သာဓကတို့ဖြင့် ထုပ်ဖော်ပြရလျှင် -  -

သုပ္ပဗုဒ္ဓ နူနာသည်ကိုပင် ဦးစွာ တင်ပြရပေမည်။ သူ၏တစ်ကိုယ်လုံးတွင် နူနာရောဂါများက
နေရာယူထားကြသည့်အတွက်       လောကအလယ်တွင် အကျည်းတန်နေရသောလူသား
တစ်ဦးဖြစ်လေ၏။ လူရာမ၀င်သည့်အတွက် ဘ၀တွင်အပါယ်ခံဖြစ်ရသည်မှာ မထူးဆန်းပေ။
သူသည် အိမ်စဉ်လှည့်လည်ပြီး တောင်းစားခါ ဘ၀ကိုရပ်တည်နေသူလည်းဖြစ်လေ၏။

ဘ၀အခြေနေမပေးသည့်အတွက်  တောင်းစားနေရစေကာမူ ဓမ္မအသိကိုရှာဖွေရန်အတွက်
စိတ်ဓာတ်ခွန်းအားကို အမြဲတမ်း တွန်းကန်အားပေးရင်း အခါ အခွင့်ကို စောင့်စားနေလေ၏။
တစ်နေ့သောအခါ ဘုရားရှင် တရားဟောသည်နှင့် ကြုံကြိုက်သဖြင့်  အစွန်အဖျားကျသော
တစ်နေရာက နေလျှက် တရားနာယူလေ၏။

ဒေသနာနိဂုံး ဆုံးသွားသောအခါ သောတာပန်တည်သွားလေတော့၏။    သောတာပန်ဟူ
သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကင်းကွားသော လူသားဟု စာတွင် အဆိုရှိပါသည်။ ( မှားယွင်းသော
စွဲလမ်းမှု ကင်းသူ ၊ ယုံမှားသံသယ မရှိသူ ဟု အဓိပ္ပါယ်ရပါသည်)

ထင်မြင်လွယ်အောင် ပြောဆိုရလျှင် သောတာပန်ပုဂ္ဂိုလ်များသည် ရတနာ (၃ ) ပါးကို
အသက်ထက်ဆုံးကြည်ညိုသူ ၊ ငါးပါးသီလကို ဘယ်သောအခါမှ ဖျောက်ဖျက်မှုမရှိဘဲ
ခါဝတ်ပုဆိုးကဲ့သို့ အမြဲထာဝရ တည်ရှိအောင် စောင့်ထိမ်းသူဖြစ်၏။

ထိုစကားကို ထင်ရှားပေါ်လွင်စေသော အခန်းတစ်ခုပါရှိသေး၏။     သုပ္ပဗုဒ္ဓသည် မိမိ၏
သောတာပန်ဖြစ်ကြောင်းကို ဘုရားရှင်ထံ သွားရောက် လျှောက်ထားလိုသဖြင့် ( ဘုရား
ရှင်ဟောပြတော်မူသော တရားတော်ကို စူးစိုက်စွာနာယူသဖြင့် ခန္ဓာကိုယ်၏ စွဲလမ်းစရာ
မဟုတ်တာကို အမှန်တကယ် သူမြင်သည့်အတွက် ) သွားရောက်လျှောက်ထားလိုသော
ကြောင့် တရားနာပရိသတ်များ ပြန်သွားသောအခါ ဘုရားရှင်ရှိရာသို့ ထွက်လာခဲ့လေ၏။
ဘုရားရှင်ထံသို့ မရောက်ခင် သူ၏ ဘာသာတရားပေါ်မှာ သက်ဝင်မှုကို စမ်းသပ်ခံရသော
အခြေနေတစ်ရပ် ပေါ်ပေါက်လာလေ၏။    ထိုသူကား တစ်ခြားမဟုတ် နတ်တို့သေဌ်နင်း
သိကြားမင်းဖြစ်၏။

``အမောင် သုပ္ပဗုဒ္ဓ သင်သည် ဆင်းရဲမွဲတေ သောလူဆင်းရဲတစ်ဦးဖြစ်၏ ၊ ငါပြောခိုင်းသော
   စကားကို သာ သင်ပြောမယ်ဆိုရင်      သင့်ကိုချမ်းသာသွားအောင် ငါလုပ်ပေးနိုင်၏၊ သင်
   သည် ဘုရားရှင်ဟာ    အမည်ခံသာဖြစ်တယ် တကယ်မဟုတ် ၊ တရားတော် ဆိုတာကလဲ
   တကယ်ကိလေသာငြိမ်းကြောင်းမဟုတ် ၊  သံဃာတော်ဆိုတာကလဲ တကယ်စစ်မှန်သော
   သံဃာမဟုတ် ၊ ထိုဘုရား တရား သံဃာ ကို ကိုးကွယ်ဆည်းကပ်သဖြင့်ဘာမျှ အကျိုးမရှိ´´
ဟု ပြောခိုင်းသောအခါ သုပ္ပဗုဒ္ဓသည် သိကြားမင်းကိုပင် တုဘက်ပြိုင်ကာ ပြောဆိုပြီး ငေါက်
ငန်းခဲ့ဘူး၏။

စစ်မှန်သော အသိတရားများ နှလုံးသားတွင်း စီးဆင်းဝင်ရောက်လာသောအခါ အဓမ္မများကို
လွယ်ကူစွာ ချေဖျက်နိုင်စွမ်းရှိ၏။ တန်ခိုး သြဇာ အရှိန်ဝါကြီးသောသူများကပြောဆို ပါသော်
လည်း ဓမ္မအသိတရားပေါ်တွင် ခိုင်မာစွာ ရပ်တည်လျှက်    တုဖက်ကာ ပြောဆိုနိုင်သည်ကို
ထူးဆန်းစွာ တွေ့မြင်နိုင်လေ၏။

ထိုအကြောင်းအရာနှင့်ပတ်သတ်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကအောက်ပါအတိုင်းမှတ်ချက်
ပေးထားလေ၏။

``ထိုကဲ့သို့ အသိတရားခိုင်မာပြီးသော    သူတစ်ယောက်ကို သိကြားမင်းကဲ့သို့ တန်ခိုးရှင်
   ပေါင်း ထောင်သောင်းမက ဆွဲဆောင်ကြလည်း တစ်ဆံချည်မျှင်မှ မရွေ့ရှားတော့ ´´ဟူ၏။

``စိတ္တေန   နီယတေ  လောကော ´´ဟူသော ပါဠိတော်အရ   စိတ်ကသာ လောကကြီးကို
ဦးဆောင်ထားသဖြင့် ကောင်းသောစိတ် ဦးဆောင်မှသာ      သဘာဝလောကကြီး တိုးတက်
စည်ပင် ပြန့်ပွားပြီး ထိုစိတ်၏ ထိမ်းချုပ်မှုအောက်တွင် ဖြစ်ပွားလာသောရုပ်ဝတ္ထု ဒြဗ်တို့လည်း
လောကအကျိုးပြု မည်ဖြစ်ပါကြောင်းကို ရေးသားတင်ပြအပ်ပါတော့သည်။

(စည်းစိမ်ဥစ္စာ ချမ်းသာမှု မပြည့်စုံခြင်းထက် စိတ်ချမ်းသာမှု မပြည့်စုံခြင်းကသာ အမှန်တကယ်
 ဆင်းရဲဖြစ်သဖြင့် ဆင်းရဲ အောက်တန်းကျနေသော စိတ်ဓာတ်တို့ကို တော်လှန်နိုင်မှသာလျှင်
မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်ဓာတ် ဆင်းရဲမွဲတေမှုကို ရည်ညွှန်းပါသည်)

No comments:

Post a Comment