နတ်မောက်မြို့ကို အလည်သွားရင်း ကြုံခဲ့တဲ့ တကယ့်အဖြစ်ပျက်လေးပါ။
အသိဒကာတွေ လိုက်ပို့ပေးတဲ့ အိမ်မှာ အာရုံဆွမ်းဘုဉ်းပေးပြီး စကားလေး နဲနဲပါးပါး ပြောရင်း - -
``ကဲ ဒကာမကြီး ဦးဇင်းတို့ သွားတော့မယ်၊´´ ဟု နှုတ်ဆက်လိုက်လေလျှင် ဒကာမကြီးက မျက်ရည်တွေကျပြီး
``ဦးဇင်းဘုရား ၊ တပည့်တော်အဖေကို သတိရလို့အရှင်ဘုရားကို ငွေလေးနည်းနည်း
ပါးပါး လှူလိုက်ပါရစေဘုရား´´
ထို့နောက် ဒကာမကြီးသည် အရံသင့်ပါလာသော စာအိတ်တစ်အိတ်ကို ကပ်လှူပါသည်။
``အင်း ၊ ခုလိုလှူဒါန်းရသော အကျိုးအားကြောင့် ဒကာမကြီးလိုရာဆန္ဒပြည့်ဝပါစေ၊
ဒကာကြီးလဲ ရောက်ရာဘ၀ ဘံဌာန ကနေ သာဓုခေါ်ဆိုပြီး ကောင်းရာမွန်ရာဘဝ
ရောက်ပါစေဗျာ´´ ဟု ဆုပေးခါ ထိုအိမ်မှ ကားဝင်းသို့ထွက်လာခဲ့လေ၏။
လမ်းရောက်သောအခါ ဘေးက လိုက်ပါလာသော အသိတကာတစ်ဦးမှ - -
``ဟာ ၊ ဦးဇင်းက ဘယ်လိုဆုပေးလိုက်တာလဲဘုရား´´
``အော် ၊ သေသွားတဲ့ သူ့အဖေအတွက် လှူတာဆိုတော့လဲ ဒီလိုဘဲ ကောင်းရာ
မွန်ရာရောက်အောင် ဆုတောင်းပေးလိုက်ရုံဘဲလေ ၊ ဒါမှ သူစိတ်ချမ်းသာမှာကိုးဗျ´´
``ဦးဇင်းကလဲ သူ့အဖေက မသေသေးဘူး´´
`` ဗျာ ´´
`` ဟုတ်တယ်ဘုရား ၊ ရန်ကုန်မှာလေ နေမကောင်းလို့ ဆေးရုံတက်နေတာ´´
`` အော် ၊ မသိဘူးလေ ၊ သူကငိုနေတာဆိုတော့ - -´´
``ဟာ ၊ ဦးဇင်း ဆုပေးလိုက်မှ တပည့်တော်တို့ ကို မျက်နှာတွေပူသွားတာဘဲဘုရား´´
`` အားနာလိုက်တာဗျာ ၊ ပိုက်ဆံလဲ လှူရသေးတယ် ´´
အလှူရှင် ဒကာမကြီးကတော့ ဘယ်လိုခံစားရမည်မသိပါ ၊ ဆုပေးလိုက်မိတဲ့ ဦးဇင်းကတော့
အသိတကာတွေ ကြားထဲမှာ ငိုရမလို ရယ်ရမလိုဖြစ်ပြီး အရှက်ပြေပြောလိုက်မိပါတော့သည်။
`` ဦးဇင်းက သိပ်ပြီး လူအကဲမခပ်တတ်ဘူးဗျ ၊ အဟဲ´´
No comments:
Post a Comment