Wednesday, April 17, 2013

မှားတဲ့အခါလဲ မှားတာပေါ့

အမှတ်မထင်ကြားလိုက်တဲ့အသံတစ်ခုကြောင့် သွားလက်စ ခြေလှမ်းများ တုန့်ခနဲ ရပ်သွားသည်။ ပိုပြီးတော့ သေချာအောင် ခြံဝင်းအနားသို့ကပ်ပြီး နားထောင်မိလိုက်သောအခါ - -

“ လွှတ်နော် ၊ လွှတ် ၊ လွှတ် ၊ ရှင် - ရှင် - ရှင်  ၊ မယုတ်မာနဲ့နော်”
“ မအော်ပါနဲ့ကွာ ၊ မအော်ပါနဲ့ ၊ ငါ မင်းကို တကယ်ချစ်တာပါ၊ တကယ်လက်ထပ်ယူမှာပါ”
“ လွှတ် ၊ လွှတ် ၊ ကယ်ကြပါဦးရှင့် ၊ ကယ်ကြပါဦး”

သေချာပါပြီ။ ဒီကောင် မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ အဓမ္မပြုနေတယ်ဆိုတာ ဟုတ်နေပြီ။ ဒီတော့ မိမိက တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ရပ်ကွက်ရုံးအကြောင်းကြားပြီး ရဲစခန်းအပ် ဖမ်းလိုက်ရုံပဲရှိသည်။

သို့နှင့် ရပ်ကွက်ရုံးသို့ အလျင်မြန်သွားပြီး သက်ဆိုင်ရာ လူကြီးများနှင့်အတူ စောစောက ဘမောင်၏ အိမ်သို့ ရောက်ရှိလာပါတော့သည်။ ထိုအချိန်ထိ အသံတွေကြားနေရတုန်းပင် - -
“ ကျမ တောင်းပန်ပါတယ်ရှင် ၊ အဟင့် အဟင့် အဟင့် ကျမ ရှိကြီးခိုးပါတယ်၊ ကျမကိုသနားပါ”
အချိန်မှီသေးတယ်။ ရပ်ကွက်လူကြီးများအားလုံးမှာလဲ အသံကြားပြီး ဒေါသတွေထွက်နေကြလေ၏။
“ ဒေါက် ဒေါက် ဒေါက်”
ဥက္ကဋ္ဌက ဒေါသတစ်ကြီးဖြင့် တံခါးကို ခေါက်လိုက်လေ၏။       နောက်ထပ် အရှိန်ပြင်းပြင်း ၂ ခါလောက်ထပ် ခေါက်လိုက်မှ အသံတွေတိတ်သွားပြီး ဘမောင်တစ်ယောက် တဘက်လေးကို ခါးမှာပတ်ပြီး အ၀တ်စား မပါပဲတံခါးလာဖွင့်လေ၏။ဘာမှပြောမနေတော့ပဲ မိမိအပါအ၀င် လူကြီး ၄ ယောက်လောက်က ဘမောင်၏ လက်နှစ်ကို ဖမ်းချုပ်လိုက်လေ၏။ ဘမောင်ကတော့ အံ့သြသလိုလိုနဲ့ - 

“ ဟ ဟ ဟ ဟိတ်လူတွေ ၊ ခင်ဗျားတို့ ဒါဘာလုပ်တာလဲဗျ၊ ကျုပ်မှာဘာအပြစ်ရှိလို့လဲ”
“ ဟာ ဒီကောင် ငါလုပ်လိုက်ရင် နာတော့မယ် ၊ မင်း အခု အလိုမတူပဲ မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်မလို့ မဟုတ်လား”
“ ဟာ ဥက် ဥက် ( စကားတွေပင် ထစ်လျှက် ) ဥက္ကဋ္ဌကြီးရယ် ၊ မဟုတ်ရပါဘူးဗျာ၊ ကျနော် ဘယ်သူ့ကိုမှ ဘာမှမလုပ်ရပါဘူး”
 
“ ဟေ့ ကောင် မင်းပုံစံကို ပြန်ကြည့်လိုက်ဦး ”
“ ဟာ ဒါကျနော် ရေချိုးမလို့ လုပ်နေတာလေ၊ ခင်ဗျားတို့တံခါးခေါက်သံကြားလို့ကမန်းကတန်းထွက်လာတာ”
“ ဟေ့ ကောင် ဒါဆို စောစောက အမျိုးသမီးတစ်ယောက်ရဲ့ အော်ပြီး တောင်းပန်နေတဲ့အသံတွေကရော ”
ထိုအခါမှ ဘမောင်တစ်ယောက် ဇာတ်ရေလည်သွားလေတော့၏။ 

“ မဟုတ်ပါဘူး၊ ဥက္ကဋ္ဌကြီးရယ် ၊ အဲဒါက ကျနော် နောက်ပွဲမှာပါမဲ့ ဇာတ်ဝင်ခန်းအတွက် ရေမချိုးခင် အသံတု လေ့ကျင့်နေတာပါ ၊ ဘယ်သူ့ကိုမှ အဓမ္မပြုကျင့်နေတာမဟုတ်ပါဘူးဗျာ”
ထိုအခါ ရပ်ကွက်လူကြီးများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခါ နောက်ဆုံးမှာတော့ အကြည့်အားလုံးက ကျနော့်အပေါ်စုပြုံရောက်လာလေတော့၏။

ကျနော်လည်း သူတို့မျက်နှာတွေကို မချိပြုံးလေးပြုံးကြည့်ပြီး - -
“ အဲ . အင်း . ဟိုဝှါပေါ့နော်။ အဟမ်း - ကျ - ကျနော်လဲ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ဒုက္ခရောက် နေတဲ့လူကို ကူညီရအောင်လို့ပေါ့နော်၊ အဲ . ဟိုဝှါပေါ့နော် ၊ အင်း - အဲ ၊ ဘယ်လိုပြောရမလဲ ပေါ့နော်။ အဟီးးး မှားတဲ့အခါလဲ မှားပေမပေါ့လို့ပေါ့နော် - ဟိုဒင်းပေါ့နော် ၊ အဲ ဟိုဝှါပေါ့နော် -  -  -  -  -  -  -  -  -  ဟို -  - ဟို - လစ်ပီဗျို့ ------ ။”

No comments:

Post a Comment