သီတင်းကျွတ်လကွယ်နေ့ ။
ကျောင်းဓမ္မာရုံထဲတွင် ဥပုသ်သည်များဖြင့် ပြည့်နှက်နေလေ၏။
၁၂ နာရီထိုးသည်နှင့် ကျောင်းရှိစာသင်သားသံဃာများလဲ အပတ်စဉ်စာမေးပွဲဖြေဆိုနေကြသည်။
၎င်းနောက် ဆရာတော်သည် အဖြေလွှာများကိုစစ်နေချိန်တွင် ဒါယကာ သုံးလေးယောက်လောက်ရောက်လာခါ
``ဆရာတော်ဘုရား ၊ တပည့်တော်တို့ အသုဘရှိလို့ သရဏဂုံတင်ရအောင်လာပင့်တာပါဘုရား´´
``ဟေ့ ဒကာတို့ဒီအချိန်ကျမှနောက်မကျဘူးလား ၊ ခါတိုင်းလူသေရင် ၃ ရက်လောက်ထားတယ်ဆို´´
``တင်းပါ့ဘုရား ၊ ခါတိုင်းကတော့ ဟုတ်ပါတယ်ဘုရား ၊ ဒီနေ့က - - - -´´
``အေး ဒီနေ့ကဘာဖြစ်လို့လဲ´´
``တင်းပါ လကွယ်နေ့ဖြစ်လို့ပါဘုရား´´
``အဲဒီတော့ ဘာဖြစ်လို့လဲ´´
``လကွယ်နေ့သေရင် နောက်လမကူးကောင်းဘူး ဆိုလို့ပါဘုရား ၊ မြေ မြှုပ်ပြီးရင် တစ်ခါတည်းရက်လည်ရမှာပါဘုရား´´
``ဟေ့ အထူးအဆန်းပါလားဟ ၊ ဘယ်ဘုန်းကြီးက ဟောလိုက်တာလဲ ဒကာတို့ ။ တို့လဲမဟောဘူးပါဘူး´´
``တင်းပါ့ ၊ အစဉ်အလာရှိခဲ့လို့ပါဘုရား´´
``ဒကာတို့ ၊ ဒို့ဘုရားကိုကြည်ညိုရဲ့လား ´´
``တင်းပါ့ ကြည်ညိုပါတယ်ဘုရား´´
``ယုံကော ယုံရဲ့လား´´
``တင်းပါ့ ယုံပါတယ်ဘုရား´´
``ဘာလို့ဘုရားစကားနားမထောင်ကြတာလဲ ၊ မစွဲသင်တဲ့အရာတွေကို မစွဲလမ်းတာဟာ ဘ၀ချမ်းသာမှုရဲ့တစ်စိပ်တစ်ပိုင်းပဲ ၊
ဒို့ဘုရားကို အားနာတယ်ဆိုရင် အဲသလို ယုတ္တိ ယုတ္တာမရှိတာတွေကို လှေနံဓားထစ်မှတ်မထားပါနဲ့လို့ ဒို့ပြောချင်တယ်ကွယ် ´´
``တင်းပါ့ ဆရာတော်အမိန့်ရှိတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါတော့မယ်ဘုရား´´ထိုနောက် ဆရာတော်သည် ကျန်ရှိနေသော အဖြေလွှာများကို ဆက်လက်စစ်လျှက် -- -- -- --။
No comments:
Post a Comment