
``ကဲ ပြောစမ်း ၊ ဒကာတို့ ၊ ဘယ်လိုဖြစ်ကြတာလဲ ၊ ကလေးတွေလဲမဟုတ်ဘဲ
ဒီလောက်အသိဥာဏ်နဲ့တဲ့လူတွေလုပ်တဲ့အလုပ်ကို
ဘာလို့လုပ်ကြတာလဲ ´´ အကြီးဖြစ်သော တကာမှ စပြီး - -
``ဒီလိုပါဘုရား ၊ တပည့်တော်က သူ့ကိုစေတနာနဲ့ ပြောတာကို လက်မခံဘဲ သူ့ကိုဆရာလုပ်တယ်ဆိုပြီးဖြစ်ကြတာပါဘုရား´´
``တော်ပြီ အဲလောက်ဆိုရပြီ ´´
``အင်း လူတွေ လူတွေ သုံးလိုက်ကြတဲ့ စေတနာ ၊ ဟိုလူကဆိုလဲ စေတနာ ၊ ဒီလူကလဲ စေတနာ။
အမယ် ဆေးခန်းတွေတောင်မှ ဘာတဲ့ စေတနာဆေးခန်း ၊ စေတနာစတိုး တဲ့။
စေတနာတိုင်း ကောင်းတာမှမဟုတ်တာ။
အကုသိုလ်မှာလဲစေတနာ ပါရတယ်။ ကုသိုလ်မှာလဲ စေတနာပါရတယ်။ ဒါမှ ကံအထမြောက်တာကွ။
ကောင်းတဲ့ဘက်မှာထားတဲ့ စေတနာကဘ၀ကို မြှင့်တင်ပေး ပေမဲ့ မကောင်းတဲ့ဘက်မှာကျတော့ သံသရာအတွက် ကိုယ်ဘဲနစ်နာတယ်။
``တင်းပါ့ဘုရား´´
``အေး ၊ လူတွေဖြစ်နေတာက ကိုယ်နဲ့အမြင်မတူ အယူအဆမတူရင် ၀င်ပြောလေ့ရှိတယ်။ ဒါကိုဘဲ စေတနာလိုလို ဘာလိုလိုနဲ့ပုံမှာလုပ်တတ်ကြတယ်။
တကယ်တော့ အဲဒါဟာ ကိုယ့်အတ္တကို အရင်းခံပြီးပြောနေတာဆိုတာ သူတို့သတိမထားမိကြဘူး။
အေး ၀င်ပြောလို့ လက်မခံရင် ပြောကြပါသေးတယ် ၊ စေတနာက လူတိုင်းနဲ့မတန်ပါဘူးကွာတဲ့ ၊
ဒီလိုနဲ့ စကားများကြ ရန်ဖြစ်ကြ ။ ဒကာတို့လဲ ဒီလိုက စတာမဟုတ်လား´´
``အေး စေတနာနဲ့ပတ်သတ်ပြီးသေချာလေ့လာပါနော် ဘုန်းဘုန်းပြောချင်တယ်၊ ကောင်းတဲ့စေတနာနဲ့ အရင်းခံပြီး လုပ်တာ ကိုင်တာ ပြောတာ ဆိုတာတွေက ပရဟိတဘက်ကို ဦးတည်နေပေမဲ့ မကောင်းတဲ့စေတနာနဲ့ဆိုရင် အတ္တဘက်ကို ဦးတည်သွားတတ်တယ်။
ဘုန်းဘုန်း အဓိကပြောချင်တာကတော့ စကားပြောတဲ့နေရာ ဆွေးနွေးတိုင်ပင်တဲ့နေရာ သတိထားစရာလေးတစ်ခုရှိတယ်။ ဒါဘုန်းဘုန်း တို့ ဆရာသမားများရဲ့သြ၀ါဒပေါ့´´
``မှန်ပါ အမိန့်ရှိပါဘုရား´´
``ပညာရှိတို့ရဲ့ ဆွေးနွေး တိုင်ပင်နည်းနဲ့ ၊ စစ်သူကြီးတိုရဲ့ ဆွေးနွေးတိုင်ပင်ခြင်းပေါ့´´
ပညာရှိဆိုတာ တစ်ပါးသူက အကြောင်းအကျိုးဆီလျှော်အောင် တင်ပြပြောဆိုလာရင် လက်ခံတတ်တယ် ၊ အနိုင်အရှုံးကို စိတ်မ၀င်စားဘူး ။ အေး စစ်သူကြီးဆိုတာကတော့ တရားသည်
မတရားသည်သူနာမလည်ဘူး ၊ အကြောင်းတွေ အကျိုတွေ လာမပြောနဲ့ အနိုင်ရမှကျေနပ်တဲ့လူစားမျိုး တစ်နည်းပြောရင် အတ္တကိုရှေ့တန်းတင်တဲ့လူမျိုးပေါ့´´
``အေး လောက လောက စစ်သူကြီးလိုလူမျိုးတွေပေါလာရင်တော့ အတ္တသမားတွေကြီးစိုးလာတော့မယ် တကာတို့လဲသူတော်ကောင်းတရားတွေကိုလေ့လာကြ နာယူကြကွယ်။ သူတော်ကောင်းတွေ အထောင်အသိန်းမကရှိတဲ့နေရာကအေးချမ်းသလောက်အတ္တသမားများကတော့ တစ်ယောက်ထဲရှိလဲ လောကကြီးနဲ့ အမြဲတမ်း ရန်ဖြစ်နေကျကွ´´
``တင်းပါ့ဘုရား ၊ ကျေးဇူးကြီးလှပါတယ်ဘုရား´´