Sunday, August 5, 2012

တိက္ခနှင့် သူ၏ဆွမ်းခံအိမ်


ဒီနေ့ ဆွမ်းခံပြန်လာကတည်းက  ကိုရင်တိက္ခ မျက်နှာမကောင်းဖြစ်နေတာကို သူငယ်ချင်းများ 
ကလဲ သတိထားမိနေလေ၏။     ဘာရယ်ကြောင့် ဆိုတာကိုတော့  ကာယကံရှင်သာသိပါလိမ့်
မည်ဖြစ်ပါသည်။ ကိုရင်များအားလုံး ဆွမ်းသပိတ်ကို ခဏထားပြီး ခြေထောက်ဆေးကြလေ၏။
ပြီးမှ ဘုရားဆွမ်းတော်တင်ကြပါသည်။

ဘုရားဆွမ်းတော်ကပ်ပြီး ပြန်အလာတွင်သူငယ်ချင်းကိုရင်တစ်ပါးမှတိက္ခကိုမေးလိုက်ပါသည်။
`` ဟာ ၊ တိက္ခ  . . . နေမကောင်းဘူးလားဟ ၊ မျက်နှာလဲ မကောင်းပါလား´´
ကိုရင်တိက္ခ မျက်မှောင် အနည်းငယ်ကျုံ့  ပြီး - -
`` ကောင်းပါတယ်ကွာ ´´

`` ကောင်းတယ်သာပြောတယ် မျက်နှာလဲ သာသာယာယာ မရှိပါလား´´
`` ဘာရယ်မဟုတ်ပါဘူးကွာ ၊ ကိုယ့်ဘ၀အကြောင်းကို ကိုယ်ပြန်တွေးကြည့်နေတာ ´´
`` အမယ် ၊ ကြီးကျယ်လှပါလား ၊ ဘ၀နဲ့တွေ ဘာတွေကိုတောင် တွေးလို့ပါလားဟ´´
`` တစ်ခြားမဟုတ်ပါဘူးကွာ ၊ ငါ့ဘ၀ကုသိုလ်ကံနည်းတယ်ထင်လို့ပါ´´

`` ဘယ်လိုဖြစ်လို့လဲဟ´´
`` ဒီလိုကွ ၊ ငါ ဒီနေ့ ဆွမ်းခံသွားတာ ပထမဦးဆုံး အိမ်က ဈေးဦးပေါက် ကန်တောဆွမ်းလုပ်
     လိုက်တယ်။ နောက်တစ်ခါ ဒုတိယအိမ်ကလဲ ကန်တော့ဆွမ်းဘဲ၊ တတိယအိမ်ရောက်မှ´´

သူငယ်ချင်းကိုရင်မှ နောက်သည့်သဘောဖြင့် - - - -
`` ဘာလဲ တတိယအိမ်ရောက်တော့ ဆွမ်းကပ်လိုက်တာလား´´
`` ဟာ ၊ ပေါက်တတ်ကရ ၊ ဆွမ်းမကပ်ဖို့နေနေသာသာ ဆွမ်းမကျက်သေးလို့ ( ၁၀ )မိနစ်
    လောက်တောင် ထိုင်စောင့်နေရသေးတယ်။´´

`` ဒါ ဘာဆန်းလို့လဲကွာ ၊ ဒကာ ဒကာမဆိုတာ အလုပ်များတော့ ကျက်တဲ့အခါလောင်းမယ်၊
    မကျက်သေးရင် လောင်းစရာမရှိရင် ကန်တော့ဆွမ်းပေါ့ ´´
`` အေး ဟုတ်ပါတယ် ၊ ဒါတင်မပြီးသေးဘူးကွ´´
`` အင်း ၊ ပြောပါဦး ၊ ဘာဆက်ဖြစ်လို့လဲ ´´
`` နောက်တစ်အိမ် မရောက်ခင် လမ်းမှာ ဘုံလောင်း လောင်းနေတာတွေ့တာနဲ့ ၀င်ပြီးတော့
    ရပ်လိုက်သေးတယ် ၊ ရှေ့မှာကလဲ ဦးဇင်း ငါးပါးလောက်ရှိတော့တာဆိုတော့ ခဏဘဲပေါ့ ။
    ဒါပေမဲ့  -  -  -  -  ´´

စကားကိုရှေ့ ဆက်မပြောသေးဘဲသက်ပြင်းချလိုက်ပါသေးသည်။ ဒီတော့မှသူငယ်ချင်း(ဘေး
ကနားထောင်နေတဲ့) ကိုရင်က  -  -
`` အင်း    လုပ်စမ်းပါဦး  ၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ ´´
`` အေး    ငါ့အလှည့်ရောက်တော့ ဆွမ်းဟင်းကုန်သွားတယ် ၊ ဆွမ်းပဲ ရခဲ့တယ်ကွ´´

`` ခါတိုင်းဆို ဆွမ်းခံအိမ်တွေ အကုန်ခံပြီးသွားရင် ဆွမ်းဟင်းခွက်က ( ၇ ) ခွက် ၊ ( ၈ ) ခွက်
    လောက်ရတယ်။ ဒီနေ့တော့ ( ၃ ) ခွက်ပဲ ရခဲ့တယ်ကွ´´
`` ငါ ဆွမ်းခံအပြန် လမ်းမှာ စဉ်းစားနေမိတာ ၊ဆွမ်းဟင်းများများရအောင်ဘယ်လိုလုပ်ရမလဲ
    ဆိုတာကိုပေါ့´´

`` ဟာ  ၊ မင်းကလဲ ဘာစဉ်းစားစရာရှိလဲ ၊ ဒကာ ဒကာမတွေ စီးပွားရေး အဆင်ပြေအောင်
    ဆုတောင်းပေါ့ဟ ၊ နောက်တစ်ခါ ဆွမ်းခံသွားရင် မေတ္တာပို့ပေါ့ ၊ ဒါဘဲရှိတာလေ´´
`` အေးပါ ၊ မင်းပြောတာလဲ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ငါ တစ်ခုစဉ်းစားမိတယ်´´
`` အင်း ၊ ပညာရှိကြီး  ၊ လုပ်ပါဦး´´

ထို့နောက်မှ ကိုရင်တိက္ခက ခပ်တည်တည်ဖြင့် - - -
`` ဒီလိုကွ ၊ ဆွမ်းဟင်းမလောင်းတဲ့ ဒကာမကြီးတွေကို ငါမေးလိုက်မယ်´´
`` အင်း    ဘယ်လိုမေးမှာလဲ ´´
`` ခင်ဗျားတို့လဲ ၊ ဟင်းမပါဘဲ  ဒီလိုထမင်းသက်သက်ပဲ စားတာလား ´´ လို့ပေါ့။
`` ဟာ  ၊ မင်းကလဲ    . . . . . .  ´´
`` ဟုတ်တယ်လေ ၊ သူတို့ကတော့ ဟင်းနဲ့ မစားတာကျနေတာဘဲ ´´

1 comment:

  1. စာလေးလာဖတ်ခဲ့တယ် အရှင်ဘုရား..

    ReplyDelete