Tuesday, June 19, 2012

ကာယကံ မေတ္တာ

နာယကဆရာတော်ဦးဇောတိက(မန္တလေးနာယက)မှ အလှူရှင်များကိုယ်စား 
ထောက်ပံ့လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းနေပုံ

အင်တာနက်ကို စတင်ဖွင့်လိုက်သည်နှင့် facebook စာမျက်နှာပေါ်မှာရော  တစ်ခြားသော
သတင်းတွေမှာရော  စိတ်မကောင်းစရာ ရခိုင်အဖြစ်ပျက်ကိုဘဲတွေ့နေရပါတယ်။    post
တင်ထားတဲ့အောက်မှာ    မျိုးချစ်သူရဲကောင်းတို့ရဲ့ ပြောင်မြောက်လှသော   တိုက်ခိုက်သံ
များမှာလဲ တကယ့်စွမ်းအားရှင်ကြီးများတောင် ကြောက်ခမန်းလိလိပါ။

သြော် အမျိုးကိုထိတော့ မချိအောင်နာတာလေးတွေတွေ့ရတော့    တို့နိုင်ငံမှာ မျိုးချစ်စိတ်
ရှိတဲ့လူ အမျိုး ဘာသာ သာသနာကို     တန်ဘိုးထားတဲ့သူတွေ ပေါပါလားဆိုတာ မျက်မြင်
တွေ့လိုက်ရတဲ့အတွက် တကယ်ဘဲအားရခဲ့ပါတယ်။

ကိုယ်လဲပဲ ပုထုဇဉ်လူသားပေမို့ သူတို့ကို အမှုန့်ကြိတ်ပစ်လိုက်ချင်ပါတယ်။  ကိုယ့်အမျိုးကို
စော်ကားနေတာကိုး။ ဒါပေမဲ့  . . . . မဖြစ်ရေးချ မဖြစ်နိုင်ပါပေါ့။

ဒီတော့ ကိုယ်လုပ်ပေးနိုင်တာကိုမပြနိုင်ဘဲ ကိုယ်လုပ်ချင်တာတွေဘဲဖော်ပြနေမိခဲ့တယ်လေ။
ဒါကလဲ ထုံစံပါဘဲလို့ပြောရမယ်ထင်ပါတယ်။

နောက်တော့ သီရိလင်္ကာမှာရှိတဲ့ ပညာတော်သင် မြန်မာရဟန်းတော်များ   စုပေါင်းပြီး ဒုက္ခ
ရောက်နေတဲ့ ရခိုင်ပြည်သူတွေကို ငွေလှူမယ်ဆိုတဲ့    သတင်းမထင်မှတ်ဘဲကြားလိုက်ရတဲ့
အတွက် အွန်လိုင်းတိုက်ပွဲတွေရပ်ပြီးကူညီရေးသက်သက်ကဘဲ   ပိုပြီးအကျိုးထိရောက်မယ်
ဆိုတာ သဘောပေါက်လာပါတယ်။

အမိမြေက စွန့်ခွာပြီး ပညာလာသင်တဲ့ရဟန်းတော်များအနေနဲ့ ကူညီချင်တဲ့စိတ်မျိုးချစ်စိတ်
တွေကြောင့်သာ လှူဖြစ်ကြတာပါ။ ကိုယ့်မှာက ပညာသင်စရိတ်ဘဲပါခဲ့တာလေ။

အမျိုးအတွက်ဆိုတဲ့ ခေါင်းစဉ်ကြီးမတင်ရဲပေမဲ့    တတ်နိုင်သမျှဆိုတဲ့   အတွေးစလေးတွေ
အောက်ကနေ ( US 100 )   အမေရိကန်ဒေါ်လာတစ်ရာတော့    သဒ္ဓါသန်သန် အားမာန်
ပါပါနဲ့လှူလိုက်ပါတယ်။

မိမိနည်းတူ ပညာတော်သင် ညီတော် နောင်တော် အားလုံးလိုလို    တတ်စွမ်းသမျှလှူဒါန်း
ကြပါတယ်။   အလှူခံရရှိငွေပေါင်းကတော့

၁။ သီရိလင်္ကာရူပီး         =၁၆၃၀၀၀
၂။ အမေရိကန်ဒေါ်လာ   =၂၉၀၀
၃။ စင်္ကာပူဒေါ်လာ         =၁၁၈၀
၎။ မလေးရှား ရင်းဂစ်     =၆၅၀
၅။ ထိုင်း ဘတ်             =၁၅၀၀

အထက်ပါငွေများကို အားလုံးစုစုပေါင်း မြန်မာငွေဖြင့်တွက်လျှင် - -
၄၄၈၄၀၀၀ (လေးဆယ့် လေးသိန်း ရှစ်သောင်း လေးထောင်ကျပ်တိတိ) ဖြစ်ပါတယ်။

၎င်းထောက်ပံ့လှူဒါန်းသောငွေများကို နာယကဆရာတော်ဦးဇောတိက( မန္တလေးနာယက)
မှ သက်ဆိုင်ရာ   ဆရာတော်များထံသို့ ( 19. 6 . 2012 )  နေ့ကလွှဲအပ်လှူဒါန်းခဲ့ပါတယ်။

ဒုက္ခရောက်နေသောရခိုင်ပြည်သူများကို ကာယကံမေတ္တာဖြင့် မိမိတတ်နိုင်သလောက်ကူညီ
လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တစိပ်တစ်ဒေသအားဖြင့်ပေါ့။

တစ်နိုင်ငံလုံးအရေးကိုတစ်ယောက်တည်း မလုပ်နိုင်သော်လည်း တစ်ယောက်၏ စွမ်းအားဖြင့်
တစ်စိပ်တစ်ဒေသ ဆောင်ရွက်နိုင်မယ်ဆိုရင်( သို့ ) ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်များပေါ်ပေါက်
လာမည်ဆိုလျှင်   ခေတ်မှီတိုးတက်သော  ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့   လျှင်မြန်စွာ
ရောက်ရှိနိုင်ပါလိမ့်မည်။     အေးချမ်းသာယာသော    ဘ၀များကိုလဲ   ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

ယနေ့ယခု ပြုဖြစ်ခဲ့တဲ့ကာလဒါနကုသိုလ်ကောင်းမှုအစုစုတို့ကို မျိုးဆက်သစ်အရှင်ဘလော့ဂ်
သို့လာရောက်ဖတ်ရှုကြသောစာဖတ်ပရိသတ်များနှင့်အတူတကွ ( ၃၁ ) သား  အားလုံး သာဓု
ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။

မြေမျိုလို့ လူမျိုးမပြုတ် ၊ လူမျိုမှ လူမျိုးပြုတ်မည်ကို သတိပြုပါ။
အကျင့်ပျက် လာဘ်စားသူများကြောင့် မြန်မာပြည်သည် လုံးပါး ပါးနေပါတယ်။

Monday, June 11, 2012

ဝဋ်



သူတစ်လှည့် ကိုယ်တစ်ပြန်
ခပ်ထန်ထန် မာန်မာနနဲ့
ပွဲ စခဲ့ဟန်။

သံသရာ ရေယဉ်ကြော
စုံဆန် မျောလို့ ပေါ်လာပြန်။

စိတ်ထားမဟန် အကြံယုတ်
သိမ်နုပ်တဲ့ သူ့သန္တာန်။

ကိုယ်အမှန် သူကမှား
အတ္တများနဲ့ စိန်ခေါ်သံ။

မကောင်းကြံ ဖောက်ပြန်တဲ့ ဒီစိတ်
ဖိနှိပ်ဖို့ မခံ။

မျောကြဦးပေါ့ တစ်ဖန်။
ဒုက္ခဗွေ သံသရာကြော
မောကြဦးပေါ့ အမှန်။

Monday, June 4, 2012

ဒုက္ခာ မုစ္စန္တု



သြော်   လောက   လောက . . .

အပူသည် လူလည်လုပ်တဲ့ ဒီလောက
သဘောမကျတာတွေပေါတာ ဘာဆန်းလဲ။

အဟုတ်မကြံ ဟန်လုပ်
အဆန်ပြုတ်နေတဲ့ ခေတ်ကိုး။

လုပ်သမျှမဖြစ်လို့ ငြီးကာမှိုင်
စိတ်မခိုင်လို့ သတ်ပြီးသေ
အခက်ကြီးပွေနေတဲ့ ဒီခေတ်။

အင်း ဒီခေတ် ဒီခေတ်
ဒီစနစ်တွေ မပျောက်သရွေ့
ဒီတစ်ကွေ့မှာလဲ
ဒီအတိုင်းဘဲ သံသရာလည်ကြဦးမှာပေါ့။

မပြေးသော်လဲ ကံရာရှိ
ခံစရာရှိတော့ ခံပေရော။

စိတ်လဲ မမောနဲ့ စိတ်လဲ မစောနဲ့။

ဘ၀သံသရာတစ်ခါပတ်ရင်
ကိုယ်အထက်ကရောက်လိမ့်မယ်။

အဲဒီတော့မှ -  -   -   -  -  -
-  -   -  -  -  -  -  -  -  -  -
-  -  -  -  -  -  -  -  -  -  -
ဗြဟ္မစိုရ်တရား ကျင့်သုံးနိုင်အောင်သာ
ကြိုးစားကြပေတော့။

ကိုယ်အလှည့်တစ်ခါပြန် မခံရအောင်ပေါ့။

Friday, June 1, 2012

အပျိုကြီးဖြစ်ခြင်း အကြောင်းရင်း



``ကိုရင်တိက္ခ၊ ဒီမှာ ကိုရင်အာရုံဆွမ်းစားဖို့အတွက်
ဒကာမကြီး  ဒေါ်သိန်းက မုန့်ဟင်းခါးပို့သွားတယ်´´
``ဒေါ်သိန်း ဟုတ်လား´´

ရွာကို မရောက်ဖြစ်တာကအတော်လေးကြာနေပြီဖြစ်တဲ့
အတွက်လူနဲ့ နာမည်ကို တွဲ၍      မမှတ်မိသောကြောင့် 
စဉ်းစားကြည့်မိသည်။ 
ဘယ်လိုမှ စဉ်းစားမရတဲ့အခါကျမှ

``ကိုရင်လေး ၊ ဒေါ်သိန်း ဟုတ်လား´´
``တင်းပ ၊ ဟုတ်တယ်လေဘုရား´´

``အေး ၊ ငါ သိပ်မမှတ်မိတော့လို့ ပြောစမ်းပါဦး ဘယ်နားကလဲဆိုတာ´´
``ဟာ ၊ ကိုရင်ကြီးကလဲ ဘယ်က ဒေါ်သိန်းရှိဦးမလဲ အပျိုကြီးဒေါ်သိန်းကိုပြောတာလေ´´
``အော် ၊ အေး မှတ်မိပြီ´´

အော် အပျိုကြီးဒေါ်သိန်းဆိုကာမှ သတိရမိပါသေးသည်။ စာသင်တိုက်မှာတုန်းက သူငယ်ချင်း
သုံးပါး စာအတူတူပြန်နေရင်း ဘယ်ကနေဘယ်လို စကားစပ်မိတယ်မသိ အပျိုကြီးအကြောင်း
ကိုဆွေးနွေးမိကြသည်။

မှတ်သားစရာကောင်းလွန်းလို့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

ကိုရင်တိက္ခ အပါဝင် သူငယ်ချင်းသုံးပါး စာကျက်အပြီးမှာ   မျက်နှာချင်းဆိုင် ၀ိုင်းဖွဲ့စကားပြော
ဖြစ်ကြပါသည်။ခေါင်းစဉ်က `ဘာကြောင့်အပျိုကြီးဖြစ်သလဲ´

``အေး ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်းတို့ ဘယ်လိုမြင်လဲ´´ဟု ကိုရင်တိက္ခ    သူငယ်ချင်း
နှစ်ပါးကို မေးကြည့်လိုက်ပါသည်။

ထိုအခါ   စာပေအတော်အတန်ဗဟုသုတရှိသော    ကိုရင်တစ်ပါးမှသူ့အမြင်ကိုပြောပြပါသည်။
``ငါကြားဖူးတာကတော့     အပျိုကြီးဖြစ်တာက    သူတို့ဘ၀ပါရမီနဲ့   ဆိုင်တယ်ထင်တာဘဲ၊
   ဘာဖြစ်လို့လဲဆိုတော့  သူတို့တွေဟာ (အပျိုကြီး ၊ လူပျိုကြီးများ) အရင်ဘ၀က  ကုသိုလ်ကံ
   ကြောင့် ဗြဟ္မာ့ပြည်မှာဖြစ်ခဲ့ကြတယ်။ အဲဒီဗြဟ္မာ့ပြည်က စုတေ (သေလွန်) ပြီးတော့ လူ့ဘဝ
   ကိုရောက်လာတာဆိုတော့ သူတို့က ကိလေသာနည်းကြတယ်လေ။  ဒါကြောင့် အိမ်ထောင်
   သားမွေးမလုပ်ချင်ကြဘူး။ အဓိကကတော့ ကာမဂုဏ်ခံစားချင်စိတ် နည်းတဲ့အတွက်ကြောင့်
   အပျိုကြီး လူပျိုကြီးတွေဖြစ်တယ်ထင်တာဘဲ´´

``အေးပေါ့ ။ မင်းကြားဖူးတာလဲ ဟုတ်ချင်ဟုတ်မှာပါ။   ဒါပေမဲ့ ငါကတော့  အဲလိုမထင်ဘူး´´
ဟု ကိုရင်တိက္ခ ပြောလိုက်သောအခါ
`` ဒါဆို မင်းအမြင်ကိုပြောကွာ``
``ငါက ကြားဖူးတာပြောမှာ     မဟုတ်ဘူးနော်။   တကယ်လက်တွေ့ဘ၀နဲ့ယှဉ်ပြီးပြောမှာ´´
``ကဲ အဲဒါဆို လုပ်စမ်းပါဦး၊ ကြားဖူးတယ်ရှိတာပေါ့´´

``ဒီလိုကွ။    တို့ရွာမှာ  အန်တီခိုင်လို့ခေါ်တဲ့အပျိုကြီးတစ်ယောက်ရှိတယ်။     ရုပ်လဲလှတယ် ၊
   စီးပွားရေးလဲ မဆိုးဘူး။    ငယ်ငယ်တုန်းကတော့ ရွာရဲ့  ကွမ်းတောင်ကိုင်လို့ပြောကြတာဘဲ၊
   အခုတော့ အပျိုခေါင်းဖြစ်နေတာ´´

``အပျိုခေါင်းဆိုတာဘာလဲဟ´´   ဘေးမှကိုရင်တစ်ပါးက     မေးလိုက်ခြင်း       ဖြစ်ပါသည်။
``ရွာမှာရှိတဲ့ အလှူတန်းတွေ ၊  မင်္ဂလာဆောင်တွေမှာဆိုရင် ဘယ်ကောင်မလေးက ဘာလုပ်၊
   ဘယ်သူက ဘာလုပ်နဲ့ဆိုပြီး မိန်းကလေးတွေကို ညွှန်ကြားတဲ့ခေါင်းဆောင်ပေါ့ကွာ´´
``အော် ၊ အင်း ဟုတ်ပြီ ဆက်ပြောပါဦး´´

``သူလဲ အသက် ၃၀ ကျော်အထိ အိမ်ထောင်မပြုသေးဘဲနေတော့  အားလုံးက အန်တီခိုင်လို့
    ခေါ်ကြတာပေါ့ ၊နောက်ပိုင်းတော့ ငါတို့ကလဲ မန်းလေးစာသင်တိုက်ရောက်နေတာဆိုတော့
    ရွာသတင်းဘာမှမသိတော့ဘူးပေါ့ကွာ´´

``နောက်တော့ ´´
``နောက်တော့ကြားရတယ်။ အင်း အတိအကျဆို မနှစ်ပိုင်း သီတင်းကျွတ်လောက်ကပေါ့ကွာ။
   တို့ရွာရဲ့တောင်ဘက်  သုံးရွာကျော်လောက်မှာရှိတဲ့ (……….) ဆိုတဲ့ရွာကလူတစ်ယောက်နဲ့
   အိမ်ထောင်ကျသွားတာဘဲ´´

``ငါပြောချင်တာက သူအိမ်ထောင်ကျတော့ အသက် ၄၀ ပြည့်တော့မယ်။ နောက်တော့ သူနဲ့
   ယူတဲ့လူကလဲ သက်တူရွယ်တူ သူ့ရဲ့ငယ်ချစ်လို့တော့ပြောတာဘဲ။    လူပျိုကြီး ကိုသောင်း
   ဆိုတဲ့လူနဲ့ ရသွားတာဘဲလေ။´´

``အင်း အဲဒီတော့ ´´
``ဟာ ရှင်းနေတာဘဲလေ။   ဘာကြောင့်အပျိုကြီးဖြစ်တယ်ဆိုတာ မင်းတို့စဉ်းစားကြည့်ပေါ့´´
   ဘေးမှနားထောင်နေသော  ကိုရင် နှစ်ပါးက တစ်ပါးမျက်နှာ    တစ်ပါးကြည့်ကာ   (ဘယ်လို
   သဘောရလဲ ဟူသောအကြည့်မျိုးဖြင့်)     အနည်းငယ်မျက်မှောင်ကြုပ်လိုက်ပြီး ကိုရင်တိက္ခ
   ဘက်လှည့်ကာ
``ဟေ့ကောင် ၊ ငါတို့သဘောမပေါက်ဘူး။ မင်းပြန်ရှင်းပြကွာ´´
``ဟာ မင်းတို့ကလဲ တယ်ဒုန်းဝေးတာကိုး ၊ မသေမချင်းမှတ်ထား။   အပျိုကြီးဖြစ်တာတစ်ခြား
   ကြောင့်မဟုတ်ဘူး။ `လူပျိုကြီးရှိနေလို့ အပျိုကြီးဖြစ်တာဟေ့´ ၊ ကဲ ရှင်းပြီးလား´´

ထိုအခါကျမှ ဘေးကနားထောင်နေသောကိုရင်    နှစ်ပါးသဘောပေါက်ကာ    သူငယ်ချင်း
သုံးယောက်သား ပြိုင်တူရယ်မိကြပါတော့သည်။

``ဟား ဟား ဟား ဟား ´´
``တိက္ခဆိုတဲ့ကောင်ကတော့ တကယ့်ပေါက်တက်ကရဘဲဟေ့´´

Sunday, May 27, 2012

မျိုးဆက်သစ်များဦးစားပေးပါ



ကလေး     ကလေး        အထင်မသေးနဲ့၊      ကလေးကမှ လူကြီးဖြစ်တာ။
ကလေးကောင်းမှ လူကြီးကောင်းတာ။ လူကြီးကောင်းမှ  အားလုံးကောင်းမှာ။

မိမိတို့ရင်သွေးငယ်လေးတွေဟာ     နောင်တစ်ချိန်မှာ       တိုင်းပြည်အတွက် အစွမ်းထက်တဲ့ သားကောင်း       သမီးကောင်းတွေဖြစ်မလာနိုင်ဘူးလို့          ဘယ်မိဘတွေကများ ကြိုတင် သိနိုင်ပါသလဲ။
တကယ်တော့   ငယ်ရွယ်တဲ့   ကလေးဘ၀ဟာအတုမြင်အတတ်သင်လေ့ရှိတဲ့အရွယ်ဆိုတော့ 
 ကောင်းတဲ့အတတ်တွေကို အတုယူတတ်အောင်သင်ပေးဖို့က မိဘတိုင်းမှာတာဝန်ရှိပါတယ်။
တံငါနားနီးတော့ တံငါသည်ဘဲဖြစ်လာနိုင်သလို မုဆိုးနားနီးတော့လဲ မုဆိုဘဲဖြစ်သွားတတ်တာ
တွေက ဓမ္မတာတစ်ခုပါဘဲ။

ဟိုယခင်က မိဘတွေဟာညအိပ်ယာဝင်ခါနီးတိုင်း မိမိတို့သားသမီးတွေကို ၅၅၀ဇာတ်တော်ထဲ
ကဘုရားလောင်းတွေရဲ့အတုယူစရာကောင်းတဲ့ ဇာတ်ကြောင်းတွေကိုပြောပြလေ့ရှိကြပါတယ်။

ဒီတော့ ကလေးတွေဟာ       နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်းဆိုသလို   သူတော်ကောင်းတွေရဲ့ 
အပြုမူတွေ လုပ်ရပ်တွေ ဘုရားလောင်းရဲ့ သတ္တ၀ါတွေအပေါ်မှာ   အမြဲတမ်းအနစ်နာခံတဲ့စိတ်
သူတော်ကောင်းပီသတဲ့အပြုမူတွေကိုမြင်ရဖန်များလာတဲ့အတွက်မိမိတို့လဲအသက်ကြီးလာတဲ့
အခါ ဘုရားအလောင်းလို         အများအကျိုးပြုလုပ်ငန်းတွေ             သတ္တ၀ါတွေအပေါ်မှာ သနားကြင်နာတဲ့စိတ်တွေ မွေးမြူဖို့ အလိုလို အသိစိတ်တွေဖြစ်ပေါ်လာတတ်ကြပါတယ်။

ဒါဟာ အရင်ကဖြစ်ခဲ့တဲ့ မြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုပါဘဲ။         ခုတော့ မိဘတွေတော်တော်များများက ဘာသာရေးကို    လေ့လာလိုက်စားမှုအားနည်းလာတဲ့အတွက်
ကိုယ့်သားသမီးကို       ဘယ်လိုဆုံးမရင်        သင့်တော်မလဲဆိုတာကို      မသိတော့တဲ့အခါ
 ဒေါသအလျှောက် ရိုက်နှက်        ဆဲဆိုပြီးဆုံးမလာတတ်ကြပါတယ်။      ဒါဟာတကယ်တော့ သားသမီးလိမ်မာစေချင်တာထက် မိမိဒေါသပြေပျောက်အောင် ပြုလုပ်ခြင်းကများပါတယ်။

ဖြူစင်တဲ့ ကလေးတွေရဲ့ နှလုံးသားကို ဖျက်ဆီးရာလဲရောက်သွားတတ်ပါတယ်။ ငါမိဘပဲဆိုပြီး
ငါတကော ကောတတ်တဲ့ မိဘတွေကလဲအများကြီးရှိပါတယ်။   ဒါလေးကိုတော့ သတိထားဖို့ 
လိုပါတယ်။

တကယ်ဖြစ်ဖူးခဲ့တာလေးပါ။          ကျောင်းသားလေးတွေက      ကျောင်းဆင်းလာပြီ ဆိုရင် ဘုန်းကြီးကျောင်းကို ရောက်လာတတ်ပါတယ် ။       ရေသောက်တဲ့ကလေးက   ရေသောက် သူငယ်ချင်းကိုစောင့်တဲ့ကလေးကစောင့်လို့ပေါ့။     နောက်တော့ ဦးဇင်းနဲ့ရင်နှီးလာတဲ့အခါ
ကျောင်းကို မကြာခဏလာလည်တတ်ပါတယ်။   ကျောင်းပိတ်တဲ့ရက်တွေဆိုရင် ကျောင်းကို
လာပြီး သန့်ရှင်းရေးဝိုင်းလုပ်ကြပါတယ်။

နောက်တော့   မိဘတွေက      ကျောင်းပိတ်ရက်ဆိုကလေး တွေ      အိမ်မှာမတွေ့တဲ့အခါ 
ဘယ်သွားနေလဲ ဘာလုပ်နေလဲ    ထုံးစံအတိုင်းမေးတော့တာပါဘဲ။           ကလေးတွေက ၀မ်းသာအားရနဲ့ပဲ ဒီနေ့ ဘုန်းကြီးကျောင်းသွားတယ်။ ဘာတွေလုပ်ခဲ့ရတယ်။ ဘုန်းဘုန်းက ဘာတွေကျွေးလိုက်တယ် စသည်ဖြင့်ကလေးပီပီပြောတော့တာပေါ့။

အဲဒီမှာ မိဘတွေက `` အမယ် ကြီးကြီးကျယ်ကျယ်နဲ့။ ဘုန်းကြီးကိုများ နင်တို့   သူငယ်ချင်း
များမှတ်နေလားမသိဘူး။       နင်တို့နဲ့ ဘုန်းကြီးကျောင်းနဲ့ ဘာဆိုင်လဲ။          နောက်ဆို
 လျှောက်မသွားနဲ့။ နောက်တစ်ကြိမ်အဲလိုသွားတာသိရင် တုတ်ကြည့်ထား။´´    မိဘတွေက ဘာသာရေးနဲ့ထိစပ်ခါစပြုနေတဲ့ ကလေးတွေကို အဲလိုပြောဆိုလာတဲ့အခါ    ကလေးတွေက
ဘုန်းကြီးကျောင်းသွားရင် အရိုက်ခံရမယ်။ မသွားကောင်းတဲ့နေရာဘဲလို့   စိတ်ထဲမှာ စွဲသွား
တော့တာပါဘဲ။

ကဲ အဲလိုသာဆိုရင်  အနာဂတ်မျိုးဆက်က ဘာသာတရားနဲ့      ဘယ်လိုယဉ်ပါးမှုရှိပါမလဲ။
 ဒါဟာမိဘတွေ သတိထားသင့်တဲ့အချက်လို့ထင်ပါတယ်။

နောက်တစ်ခုရှိပါသေးတယ်။ ဦးဇင်းက တရားဟောတဲ့အခါ ကလေးတွေကို တရားနာခေါ်ခဲ့ဘို့
ကို အမြဲတမ်းပြောလေ့ ဟောလေ့ရှိပါတယ်။ အဲဒီတော့   တစ်ချို့မိဘတွေက မိမိတို့သားသမီး
တွေကို ကျောင်းကို ခေါ်လာတတ်ကြပါတယ်။

အဲဒီအခါမှာ တစ်ချို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။ `` ဟာ ဥပုသ်ကျောင်းလာတာကိုများ
အလှူအိမ်ထမင်းစားလာတဲ့အတိုင်းဘဲ ကလေးတွေက နေရာတကာပါတယ်။သွားနောက်ဆုပ်။
ဟော ဟိုနားမှာ လွတ်ရာသွားကစားနေကြ။´´

ဒီအတိုင်းဆို တရားနာတာ သီလစောင့်တာဟာ ကလေးတွေနဲ့   မဆိုင်ဘူးလို့ကလေးတွေရဲ့
စိတ်ထဲမှာ စွဲမှတ်သွားတာတွေလဲရှိပါတယ်။

ဒါဆိုကလေးတွေက ဘယ်ကိုများရောက်သွားမလဲ။ သေချာတာတော့ ဘာသာရေးနဲ့ကင်းဝေး
သွားတာကို ဘယ်သူမှ သတိမပြုလိုက်မိတာပါဘဲ။    ဒါဟာ အမျိုးဘာသာ သာသနာအတွက်
နစ်နာသွားတယ်ဆိုတာ ဘယ်မိဘကမှ သတိမထားမိသေးပါဘူး။ အလွန်ဝမ်းနည်းဖို့ကောင်း
တဲ့အချက်တစ်ချက်ပါ။

သားသမီးတွေရဲ့နှလုံးသားထဲမှာ ငယ်စဉ်ကတည်းက     ကြားဖူးခဲ့တဲ့အကြောင်းအရာတွေက
သူတို့အနာဂတ်ကို ပုံဖော်လာနိုင်တယ်ဆိုတာ   သတိထားသင့်ပါတယ်။ ဥပမာတစ်ခုအနေနဲ့
ပြောရရင် ဗွီဒီယိုဇာတ်ကား (ပါဝါရိန်းဂျားကား) ကြည့်တယ်ဆိုပါတော့။

အဲဒီရုပ်ရှင်ထဲက     ဇာတ်လိုက်လို  လူစွမ်းကောင်းဖြစ်ချင်တယ်   သူရဲကောင်းဖြစ်ချင်တယ်။
တိုင်းပြည်ကို     ဖျက်တဲ့လူဆိုးတွေကို     ဖမ်းဆီးနှိမ်နင်းတဲ့စွမ်းအားရှင်ဖြစ်ချင်တဲ့   စိတ်ဟာ
အလိုလိုဝင်လာတတ်ကြပါတယ်။

ဒီတော့ အဲဒါတွေကို စံနမူနာယူပြီး      ကလေးတွေရဲ့  နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်
လာနိုင်တဲ့ ဗုဒ္ဓ၀င် နိပါတ်တော်တွေ   ဇာတ်တော်တွေကို လေ့လာစေခြင်း ကလေးများအတွက်
ဘာသာရေးသီးသန့်စာစောင်များဖတ်စေခြင်းတို့ကို   လုပ်ခိုင်းမယ်ဆိုရင် နောင်တစ်ချိန်လူဖြစ်
လာမဲ့ မျိုးဆက်သစ်လေးတွေရဲ့ နှလုံးသားထဲမှာ     သူတော်ကောင်းဓာတ်ခံများ ကိန်းအောင်း
လာမည်ဖြစ်သည့် အတွက် မျိုးဆက်သစ် တို့ရဲ့    ဦးဆောင်မှုတွေဟာ       ငြိမ်းချမ်းစွာနှင့်ဘဲ
အမျိုးဘာသာ သာသာနာကို     အရောင်တောက်ပြောင်အောင်     ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်မိပါကြောင်းရေးသားတင်ပြလိုက်ပါသည်။

Wednesday, May 23, 2012

ငယ်စဉ်က တို့ဆရာ


ငယ်စဉ်အခါက ဆရာသမားရဲ့ သွန်သင်မှုတွေ ရွှေကြိမ်လုံးလေးပြဆုံးမခဲ့တာတွေဟာ
အဲဒီအချိန်တုန်းကတော့ တကယ်ကို မနှစ်မြို့စရာ နာကျည်းစရာတွေဖြစ်ခဲ့ဘူးပါတယ်။
ကျောင်းသားဘ၀ဆိုတော့ ဆရာသမားတွေရဲ့   စေတနာကို  နားမလည်နိုင်ခဲ့တာဟာ
သိပ်မဆန်းပါဘူး။ စာသင်နေရတာတောင်မှဘဲ ကိုယ့်ဘ၀အတွက်လို့မထင်ခဲ့ဘူးလေ။

သြော်  အချိန်တွေ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ    အသိတရားတို့၏  ဆောင်ကြဉ်းမှု
နောက် တစ်ကောက်ကောက် ပါလာမိခဲ့တဲ့အချိန်ရောက်တော့    တန်ဘိုးမဖြတ်နိုင်တဲ့
အရာတွေကို မယူမိမှာဆိုးလို့ ပြောဆိုဆုံးမခဲ့တဲ့စေတနာတွေကို မြင်ယောင်မိပါတယ်။

                     ``ဆရာဟူသည် စာကိုလဲသင်၊ လူကိုလဲပြင်´´

အိုးထိမ်းသည်လက်မှာ တဖုန်းဖုန်းရိုက်ခံရတဲ့အိုးက နောက်ဆုံးမှာလူသားတွေအတွက်
အထောက်ကူပြုပေးနိုင်ခဲ့တာဘဲလေ။ စာသင်ရုံသက်သက်မဟုတ်ဘဲ လူကိုလဲပြင်ပေး
ခဲ့တဲ့ဆရာရဲ့ကျေးဇူးတွေက ကိုယ့်ဘ၀အဆင့်တန်းမြင်လေ သဘောပေါက်လာလေ။

တန်ဘိုးရှိတဲ့လူသားဖြစ်လာအောင် ဘ၀ကိုထုဆစ်ပေးတဲ့   သမိုင်းဝင်ပန်းပုဆရာတွေ
လို့ အသိမှတ်ပြုခြင်းလဲမခံရဘဲ   စေတနာမနည်းခဲ့တဲ့ ဆရာသမားတို့ရဲ့ စိတ်ထားကို
ဘယ်လိုအရာနဲ့များ နှိုင်ယှဉ်ထားမလဲ စဉ်းစားမိခဲ့ပါတယ်။

ဒါကြောင့်လဲ ဘုရားနဲ့တစ်ကိုင်းတည်းထား ကိုးကွယ်ထားခဲ့တဲ့အဖြစ်တွေကို တရေးရေး
မြင်ယောင်မိလာတဲ့အခါမှ ငယ်စဉ်ကပြစ်မှားမိခဲ့တာတွေကို တွေးရင် စိတ်မကောင်းဖြစ်
နေမိတော့တယ်။

ဘ၀ရဲ့ရွှေရောင်စည်းမျဉ်းတွေကို    ချမှတ်ပေးခဲ့တဲ့အတွက် တန်ဘိုးမဖြတ်နိုင်တဲ့အသိ
တွေကို ပိုင်ဆိုင်ရတဲ့အခါ ``သြော်  တို့တွေရဲ့ဆရာ၊     ဘယ်မှာများ ဘာတွေဖြစ်နေ
ပါလိမ့် ´´လို့တွေးမိတိုင်း မျက်ရည်ဝိုင်းခဲ့မိပါတယ်။

ဆရာ့ကိုသတိရတဲ့အခါ ဆရာ့စကားတွေကိုဘဲ ထပ်တလဲလဲ ကြားယောင်နေမိတော့တယ်။
`` အေး ၊ မင်းတို့တွေ ဆရာနဲ့ဝေးတဲ့အခါ ဆရာ့တန်ဘိုး ဘာဆိုတာသိလိမ့်မယ်´´ တဲ့။

`` သြော် ဆရာ ဆရာ ၊ တပည့်မရှား ၊ တစ်ပြားမရှိ။ ပီတိကိုစား အားရှိ၏´´

Monday, May 21, 2012

ကြောက်တတ်သူများမဖတ်ရ


``ည ၁၂ နာရီကျော်ကျော်လောက်မှာပေါ့ ၊ ငါလဲကုဋီတက်ချင်တာနဲ့ထလာတာ။   ဘယ်သူ့
   ကိုမှနှိုးမရလို့ တစ်ပါးတည်း ကြောက်ကြောက်နဲ့ထွက်လာတာ . . . . . ´´

ဘေးပတ်ပတ်လည်မှကိုရင်များ ကျောင်းသားေးလများက ဒီနေ့မှ မြို့ကပြန်ရောက်လာသော  ကိုရင်တိက္ခ ပြောသမျှကို နားထောင်နေကြလေ၏။

`` အဲလို ထွက်လာတော့ ကိုရင်ကြီး ဘာတွေ့လိုက်လဲ ´´   ဘေးက   ကိုရင်လေးတစ်ပါးက      မေးလိုက်သောအခါ -  -  -  -  -

``အေး   ပြောတော့ပြောချင်တယ်၊ မင်းတို့ကြောက်တတ်လား´´
``ဟာ  ပြောစမ်းပါ ကိုရင်ကြီးကလဲ ၊   တပည့်တော်တို့   ဘုန်းဘုန်းဆီမှာ  သိမ်ဝင်ထားတဲ့
   ပုတီးရှိပါတယ်´´

တစ်ခဏမျှ တိတ်ဆိတ်သွားလေ၏။   နားထောင်သူများကလည်း ကိုရင်ကြီးပြောမဲ့စကားကို
နားစွင့်နေကြ၏။

`` ဒီအပင်ဘဲကွ´´

မာန်ပါပါပြောလိုက်သော စကားကြောင့် တစ်ချို့ကျောင်းသားလေးများ အနည်းငယ်လန့်သွား
ပြီး ကိုရင်တိက္ခအနားကို တဖြည်းဖြည်းတိုးကပ်လာကြလေ၏။

ဒီအပင်ဆိုသည်မှာ တစ်ခြားမဟုတ် ၀ိုင်းဖွဲ့ စကားပြောနေသောနေရာအနီးရှိ သီးပင်းကြီးဖြစ်
ပါသည်။     ရှေးရှေးသော ကျောင်းသားကြီးများအစဉ်အဆက်စကားအရဆိုရင် ဒီသစ်ပင်မှာ
အရင်ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးက သရဲတစ်ကောင်ကို     မွေးထားသည်ဟုဆိုသူကဆို
ကုမ္ဘာန်တစ်ကောင်ရှိတယ်လို့ပြောသူကပြောနေကြလေ၏။

ထို့ကြောင့် သီးပင်မှ သီးသီး ကြွေကျသံကြားသော်လည်း       တစ်ချို့ကျောင်းသားလေးများ
ကိုရင်လေးများ တစ်ယောက်ထဲသွားမကောက်ရဲကြပါ။

အရင်တစ်ခါ  ကျောင်းသားသစ်လေးနှစ်ယောက်ရောက်လာခါစကဖြစ်၏။ သီးပင်က `ဘုတ်´
ဟု သီးသီးကြွေကျသံကြားသောအခါ နှစ်ယောက်သားပြေးကောက်ကြပါသည် ။    ဘာမှရှာ
မတွေ့သဖြင့် သရဲခြောက်သည် မှတ်ထင်နေကြ၏။ ထိုအဖြစ်မျိုးကို ၄ ယောက် ၅ ယောက်
လောက်ကြုံဘူးထားသဖြင့် သရဲရှိသည်ဟု ပြောစမှတ်ပြုလာခြင်းဖြစ်ပါသည်။

ကိုရင်တိက္ခက ` ဒီအပင်ဘဲ´   ဟုပြောလိုက်သောအခါ     သိချင်လို့သာနားထောင်နေကြ
ရသည် စိတ်ကတော့ ကြောက်နေသူတွေကများနေ၏။

`` ငါလဲ တစ်ယောက်ထဲဆိုတော့ ကြောက်ကြောက်နဲ့သွားရတာပေါ့ ၊     ဒီသီးပင်နားကိုလဲ
    ရောက်ရော -  - -  - - - - ´´
    စကားကိုဆက်မပြောသေးဘဲ သက်ပြင်းချလိုက်ပါသည်။

`` ဟင်း . . . . . . . .. ´´
ပြီးမှ   `` သစ်ပင်ပေါ်ကနေ အောက်ကိုဇောက်ထိုးကြီးဆင်းလာတာ ´´    ပြောလက်စပင်
မဆုံးသေးခင် သီးသီး တစ်လုံးကြွေကျလာလေ၏။

``ဘုတ်´´
``အမလေး  သရဲဗျ´´ ဟု အမလေး   တ.ကာ      ကိုရင်ကျောင်းသားတွေအားလုံးထပြေး
   ကြလေတော့၏။

သူတို့အားလုံးထပြေးသွားသောအခါ ကိုရင်တိက္ခတစ်ပါးတည်း ပြုံးလျှက်ကျန်နေခဲ့လေ၏။

`` သြော်  ၊  တော်တော်လဲကြောက်တတ်တဲ့ကောင်တွေဘဲ ။ သစ်ပင်ပေါ်ကဇောက်ထိုး
    ဆင်းလာတာ သရဲမဟုတ်ဘူး ` ပုတ်သင်ညို ´ဆိုတာတောင်ပြောချိန်မရလိုက်ဘူး´´