``ကိုရင်တိက္ခ၊ ဒီမှာ ကိုရင်အာရုံဆွမ်းစားဖို့အတွက်
ဒကာမကြီး ဒေါ်သိန်းက မုန့်ဟင်းခါးပို့သွားတယ်´´
``ဒေါ်သိန်း ဟုတ်လား´´
ရွာကို မရောက်ဖြစ်တာကအတော်လေးကြာနေပြီဖြစ်တဲ့
အတွက်လူနဲ့ နာမည်ကို တွဲ၍ မမှတ်မိသောကြောင့်
စဉ်းစားကြည့်မိသည်။
ဘယ်လိုမှ စဉ်းစားမရတဲ့အခါကျမှ
``ကိုရင်လေး ၊ ဒေါ်သိန်း ဟုတ်လား´´
``တင်းပ ၊ ဟုတ်တယ်လေဘုရား´´
``အေး ၊ ငါ သိပ်မမှတ်မိတော့လို့ ပြောစမ်းပါဦး ဘယ်နားကလဲဆိုတာ´´
``ဟာ ၊ ကိုရင်ကြီးကလဲ ဘယ်က ဒေါ်သိန်းရှိဦးမလဲ အပျိုကြီးဒေါ်သိန်းကိုပြောတာလေ´´
``အော် ၊ အေး မှတ်မိပြီ´´
အော် အပျိုကြီးဒေါ်သိန်းဆိုကာမှ သတိရမိပါသေးသည်။ စာသင်တိုက်မှာတုန်းက သူငယ်ချင်း
သုံးပါး စာအတူတူပြန်နေရင်း ဘယ်ကနေဘယ်လို စကားစပ်မိတယ်မသိ အပျိုကြီးအကြောင်း
ကိုဆွေးနွေးမိကြသည်။
မှတ်သားစရာကောင်းလွန်းလို့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ကိုရင်တိက္ခ အပါဝင် သူငယ်ချင်းသုံးပါး စာကျက်အပြီးမှာ မျက်နှာချင်းဆိုင် ၀ိုင်းဖွဲ့စကားပြော
ဖြစ်ကြပါသည်။ခေါင်းစဉ်က `ဘာကြောင့်အပျိုကြီးဖြစ်သလဲ´
``အေး ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်းတို့ ဘယ်လိုမြင်လဲ´´ဟု ကိုရင်တိက္ခ သူငယ်ချင်း
နှစ်ပါးကို မေးကြည့်လိုက်ပါသည်။
ထိုအခါ စာပေအတော်အတန်ဗဟုသုတရှိသော ကိုရင်တစ်ပါးမှသူ့အမြင်ကိုပြောပြပါသည်။
``ငါကြားဖူးတာကတော့ အပျိုကြီးဖြစ်တာက သူတို့ဘ၀ပါရမီနဲ့ ဆိုင်တယ်ထင်တာဘဲ၊
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ (အပျိုကြီး ၊ လူပျိုကြီးများ) အရင်ဘ၀က ကုသိုလ်ကံ
ကြောင့် ဗြဟ္မာ့ပြည်မှာဖြစ်ခဲ့ကြတယ်။ အဲဒီဗြဟ္မာ့ပြည်က စုတေ (သေလွန်) ပြီးတော့ လူ့ဘဝ
ကိုရောက်လာတာဆိုတော့ သူတို့က ကိလေသာနည်းကြတယ်လေ။ ဒါကြောင့် အိမ်ထောင်
သားမွေးမလုပ်ချင်ကြဘူး။ အဓိကကတော့ ကာမဂုဏ်ခံစားချင်စိတ် နည်းတဲ့အတွက်ကြောင့်
အပျိုကြီး လူပျိုကြီးတွေဖြစ်တယ်ထင်တာဘဲ´´
``အေးပေါ့ ။ မင်းကြားဖူးတာလဲ ဟုတ်ချင်ဟုတ်မှာပါ။ ဒါပေမဲ့ ငါကတော့ အဲလိုမထင်ဘူး´´
ဟု ကိုရင်တိက္ခ ပြောလိုက်သောအခါ
`` ဒါဆို မင်းအမြင်ကိုပြောကွာ``
``ငါက ကြားဖူးတာပြောမှာ မဟုတ်ဘူးနော်။ တကယ်လက်တွေ့ဘ၀နဲ့ယှဉ်ပြီးပြောမှာ´´
``ကဲ အဲဒါဆို လုပ်စမ်းပါဦး၊ ကြားဖူးတယ်ရှိတာပေါ့´´
``ဒီလိုကွ။ တို့ရွာမှာ အန်တီခိုင်လို့ခေါ်တဲ့အပျိုကြီးတစ်ယောက်ရှိတယ်။ ရုပ်လဲလှတယ် ၊
စီးပွားရေးလဲ မဆိုးဘူး။ ငယ်ငယ်တုန်းကတော့ ရွာရဲ့ ကွမ်းတောင်ကိုင်လို့ပြောကြတာဘဲ၊
အခုတော့ အပျိုခေါင်းဖြစ်နေတာ´´
``အပျိုခေါင်းဆိုတာဘာလဲဟ´´ ဘေးမှကိုရင်တစ်ပါးက မေးလိုက်ခြင်း ဖြစ်ပါသည်။
``ရွာမှာရှိတဲ့ အလှူတန်းတွေ ၊ မင်္ဂလာဆောင်တွေမှာဆိုရင် ဘယ်ကောင်မလေးက ဘာလုပ်၊
ဘယ်သူက ဘာလုပ်နဲ့ဆိုပြီး မိန်းကလေးတွေကို ညွှန်ကြားတဲ့ခေါင်းဆောင်ပေါ့ကွာ´´
``အော် ၊ အင်း ဟုတ်ပြီ ဆက်ပြောပါဦး´´
``သူလဲ အသက် ၃၀ ကျော်အထိ အိမ်ထောင်မပြုသေးဘဲနေတော့ အားလုံးက အန်တီခိုင်လို့
ခေါ်ကြတာပေါ့ ၊နောက်ပိုင်းတော့ ငါတို့ကလဲ မန်းလေးစာသင်တိုက်ရောက်နေတာဆိုတော့
ရွာသတင်းဘာမှမသိတော့ဘူးပေါ့ကွာ´´
``နောက်တော့ ´´
``နောက်တော့ကြားရတယ်။ အင်း အတိအကျဆို မနှစ်ပိုင်း သီတင်းကျွတ်လောက်ကပေါ့ကွာ။
တို့ရွာရဲ့တောင်ဘက် သုံးရွာကျော်လောက်မှာရှိတဲ့ (……….) ဆိုတဲ့ရွာကလူတစ်ယောက်နဲ့
အိမ်ထောင်ကျသွားတာဘဲ´´
``ငါပြောချင်တာက သူအိမ်ထောင်ကျတော့ အသက် ၄၀ ပြည့်တော့မယ်။ နောက်တော့ သူနဲ့
ယူတဲ့လူကလဲ သက်တူရွယ်တူ သူ့ရဲ့ငယ်ချစ်လို့တော့ပြောတာဘဲ။ လူပျိုကြီး ကိုသောင်း
ဆိုတဲ့လူနဲ့ ရသွားတာဘဲလေ။´´
``အင်း အဲဒီတော့ ´´
``ဟာ ရှင်းနေတာဘဲလေ။ ဘာကြောင့်အပျိုကြီးဖြစ်တယ်ဆိုတာ မင်းတို့စဉ်းစားကြည့်ပေါ့´´
ဘေးမှနားထောင်နေသော ကိုရင် နှစ်ပါးက တစ်ပါးမျက်နှာ တစ်ပါးကြည့်ကာ (ဘယ်လို
သဘောရလဲ ဟူသောအကြည့်မျိုးဖြင့်) အနည်းငယ်မျက်မှောင်ကြုပ်လိုက်ပြီး ကိုရင်တိက္ခ
ဘက်လှည့်ကာ
``ဟေ့ကောင် ၊ ငါတို့သဘောမပေါက်ဘူး။ မင်းပြန်ရှင်းပြကွာ´´
``ဟာ မင်းတို့ကလဲ တယ်ဒုန်းဝေးတာကိုး ၊ မသေမချင်းမှတ်ထား။ အပျိုကြီးဖြစ်တာတစ်ခြား
ကြောင့်မဟုတ်ဘူး။ `လူပျိုကြီးရှိနေလို့ အပျိုကြီးဖြစ်တာဟေ့´ ၊ ကဲ ရှင်းပြီးလား´´
ထိုအခါကျမှ ဘေးကနားထောင်နေသောကိုရင် နှစ်ပါးသဘောပေါက်ကာ သူငယ်ချင်း
သုံးယောက်သား ပြိုင်တူရယ်မိကြပါတော့သည်။
``ဟား ဟား ဟား ဟား ´´
``တိက္ခဆိုတဲ့ကောင်ကတော့ တကယ့်ပေါက်တက်ကရဘဲဟေ့´´
No comments:
Post a Comment