Saturday, April 13, 2013

ထို့ကြောင့်“မြေအောက်ရထား” ဟုခေါ်သည်

နတ်ကြီးပါတယ်ဆိုတဲ့ စင်္ကာပူ အခုတော့လဲ အလည်တစ်ခေါက် ရောက်ခဲ့ပါပြီ။ နတ်ကြီးတယ်ဆိုတာ တစ်ခြား အကြောင်းတော့ဟုတ်ပါဘူး။   တစ်ချို့သွားတဲ့လူတွေ (reject) ထိပြီး အ၀င်မခံတဲ့အတွက် တပ်ခေါက်ပြီး ပြန်လှည့်လာရတဲ့အဖြစ်တွေကြောင့်ပါ။       မိမိတို့မှာတော့ ကံကောင်းထောက်မလို့ ဘာပြဿနာမှ မရှိခဲ့ပေ။ 

ထုံးစံအတိုင်း မြို့ထဲ အလည်ပတ်ထွက်တဲ့အခါ မိမိတို့ထက်အရင်ရောက်နှင့်နေသော (အရင်ဆိုပေမဲ့ -၃- ထဲပဲကွာတာပါ)      နောင်တော်ကြီး(ကိုခေ) က      (guide) လုပ်ပြီး လိုက်ပို့တယ်ဆိုပါတော့။ 
တစ်နေရာအရောက်မှာတော့ - 

“ ငါ့ညီ (သူခေါ်နေကျလေသံဖြင့် ) မင်းတို့ မြေအောက်ရထားစီးဖူးလား”
“ဟိုနေ့က လေယာဉ်ကွင်းမှာတော့ (sky train) စီးခဲ့ရတယ်ဗျ၊ မြေအောက် ရထားတော့    စီးဖူးဖို့ နေနေသာသာ မြင်ကို မမြင်ဘူးသေးဘူး”

ထိုအခါ နောင်ကြီးက (သူကစီးဖူးတယ်ဆိုတော့ ကြွားချင်တဲ့လေသံနဲ့တူပါတယ်)
“အေး ဒါဆို ခဏနေရင် ငါပြမယ်။ ပြီးတော့ ဈေးကို အဲဒီရထားစီးပြီးသွားကြတာပေါ့”
“တင်းပ ၊ တင်းပ”
ခဏအကြာမှာ မိမိတို့သွားနေတဲ့ လမ်းဘေးမှ (sky way) ပေါ်တွင်ဖြတ်မောင်းလာသော ရထားတစ်စီးကို လက်ညှိုးထိုးပြပြီး - -
“ဟိုမှာ ဟိုမှာ - အဲဒါမြေအောက်ရထားပဲ”
“အန်”
နည်းနည်းတော့ စဉ်းစားရကြပ်သွားသည်။ မြေအောက်ရထားလဲ ပြောသေးတယ်။ 
(sky way) ပေါ်မှာမောင်း နေတာ။ဒါနဲ့ (စိတ်ထဲမှာ မရိုးမရွဖြစ်သွားလို့ ) နောင်ကြီးကို လက်တို့မေးရပါတော့တယ်။

“နောင်ကြီး ၊ မြေအောက်ရထားဆိုတာ အဲဒါကြီးပေါ့ - - ဟုတ်လား”
“အေး ၊ ဟုတ်တယ်လေ”( သူကတော့ခပ်တည်တည်နဲ့ပေါ့)
“ဟာ နောင်ကြီး မနောက်နဲ့လေဗျာ၊ မြေအောက်ရထားဆိုရင် မြေကြီးအောက်က မောင်းတာမဟုတ်ဘူးလား”
“အော် - တစ်ချို့ဘူတာတွေက မြေကြီးအောက်မှာထားတာလေ။ တစ်ချို့နေရာမှာတော့ ဒီလိုပဲ (sky way) သွားတာပေါ့”
“အော် -- -- -- -- -- --”

ထို့ကြောင့် “မြေအောက်ရထား”ဟုခေါ်သည်လို့ပဲ မှတ်သားမိပါတော့သည်။
(ဟာသအဖြစ်ဖြင့် တင်ဆက်ခြင်းဖြစ်ပါသည်။ ရယ်မောပျော်ရွှင်နိုင်ပါစေ)

No comments:

Post a Comment