တစ်ရက်သော ဥပုသ်နေ့တွင် မယ်တော်ကြီးက သီလယူအပြီး သားတော်မောင်ပဉ္ဇင်းရှိရာ အဆောင်လေးသို့ ရောက်လာခါ “ ဦးဇင်း၊ နိုင်ငံခြားကို ကျောင်းသွားတက်မလို့ဆို” ဟုဝမ်းနည်းသံတစ်ဝက်ဖြင့်မေးလာလေ၏။
“အင်း ၊ ဟုတ်တယ်လေ
၊ ဘာဖြစ်လို့လဲ ဒကာမကြီး”
“တပည့်တော်ကတော့ အဲဒီကို မသွားစေချင်ဘူးဘုရား” ဟု ငိုသံပါပါကြီးဖြင့်ပြောပြီးငိုချလေတော့၏။
ဘယ်အချိန်ကတည်းကစုထားသည်မသိရသော
မျက်ရည်များ တစ်ဖြိုင်ဖြိုင် သွန်ချပြီး သားတော်မောင်ပဉ္ဇင်း ရှေ့မှာ ခေါင်းကြီးငုံ့ပြီး တရှုတ်ရှုတ်ဖြင့် ငိုနေလေတော့၏။ အင်း - - - ခက်တော့ခက်ချေပြီ။ မိမိမှာလည်း ဘာဆက်လုပ်ရမှန်းမသိ။ဘာပဲဖြစ်ဖြစ် အမေကအဲလိုငိုနေတော့
ရင်ထဲမှာတော့ အောင့်သလိုလိုနာကျင်သလိုလိုဘာမှန်းမသိတဲ့ ဝေဒနာတစ်ရပ်ပေါ်ထွက်လာတာ
ကတော့အမှန်ပါပဲ။ဒါနဲ့ပဲအမေ့ပခုံးလေးကို
အသာအယာကိုင်ပြီး “အော် အမေရယ် ၊ ဒါ ငိုစရာမှမဟုတ်တာ” ဟုနှစ်သိမ့်ရင်းပြောလိုက်မိပါသေးသည်။ ပြောလို့သာပြောလိုက်ရသည်
မိမိမှာလဲမျက်ရည်တွေမကျမိအောင်အတော်လေးကိုထိမ်းထားလိုက်ရလေ၏။
“ဘာပဲဖြစ်ဖြစ်ပေါ့
နိုင်ငံခြားဆိုတာ အမေတို့ရွာနဲ့ သိပ်ကိုအလှမ်းဝေးတယ်လေ၊ တကယ်လို့ အမေ့သားလေး နိုင်ငံခြားမှာ
တစ်ခုခု နေမကောင်းထိုင်မသာဖြစ်ရင် ဘယ်သူက ပြုစုပေးမှာလဲ။ ပြုစုပေးတဲ့လူရှိဦးစေဦးတော့
အမေ့လိုကြင်ကြင်နာနာနဲ့ ဘယ်သူက ဂရုစိုက်ပေးနိုင်မှာလဲ”တဲ့။ “အော် အမေရယ်” ဟုသာစိတ်ထဲမှာ အကြိမ်ကြိမ် ရေရွတ်မိပါတော့တယ်။
မိမိကိုယ်တိုင်က
သာသနာ့ဝန်ထမ်းဖြစ်နေတော့ ဥပုသ်နေ့တွေမှာ သီလပေးရင်း မိဘမေတ္တာ အကြောင်းတရားတော်တစ်ချို့ကို ဟောခဲ့ဘူးပါတယ်။အဲဒါကလည်း စာတွေဖတ်ပြီးဟောဖြစ်ခဲ့တာပေါ့။
အခုတော့လဲ စာထဲက စကားလုံးတွေထက် မိဘမေတ္တာကို သဘောပေါက်စေတဲ့ အမေ့ရဲ့ စကားတွေကြောင့်
ရင်ထဲမှာဝေဒနာတွေက တဆင့် အမေ့ရဲ့ မေတ္တာစေတနာတွေကို ပိုပြီးမြင်ယောင်
နေမိပါတော့တယ်။
မိမိကိုယ်တိုင်ကမိဘတစ်ယောက်မဟုတ်ပေမဲ့ အမေ့ရဲ့မျက်ရည်တွေကို ကြည့်ပြီး သားသမီးတွေအပေါ်မှာထားတဲ့
မိဘတွေရဲ့ နှလုံးသားထဲက စကားတွေကို ကြားယောင်နိုင်စွမ်း ရှိလာတယ် ဆိုရမလားပဲ။
သြော် - - တကယ်တမ်းတွေးကြည့်ပြန်တော့လည်း သူကိုယ်တိုင်က ရင်နဲ့လွယ်ပြီးမွေးပေးခဲ့တာကိုး။
အင်း - - အမေကတော့ သူ့ကျန်းမာရေးကိုတောင် ဂရုမစိုက် နိုင်လောက်အောင်ကို သားအတွက်ပူပန်ပေးခဲ့တာပါလား။ သားတစ်ယောက်ရဲ့ စိတ်ကူးတွေကဘယ်လောက်ပဲ
ကြီးကျယ်နေပါစေ။ အမေ့အတွက်ကတော့ လူမမယ်သေးတဲ့ ကလေးတစ်ယောက် ရင်ခွင်အောက်က အပျောက် မခံနိုင်ဘူးမဟုတ်လား
။ နိုင်ငံရပ်ခြားမှာ ဘယ်လိုအခြေနေပဲဖြစ်ဖြစ်။
အဆင်ပြေတာ မပြေတာ အသာထားလို့ ရေမြေခြားသွားမဲ့သား တစ်ယောက်ကို အမေကဘယ်လိုစိတ်မျိုးနဲ့များ မပူပန်ပဲနေပါ့မလဲ။
“သားရယ်၊အမေ့ကိုတရားမရှိဘူးပဲပြောပြော၊တရားမသိဘူးပဲပြောပြော၊သားကိုချစ်တဲ့ဇောတွေကတော့ အမေ့ရင်ထဲမှာ အပြည့်ပါပဲ သားရယ်။ ဘာပဲဖြစ်ဖြစ် အမေ့သဘောကတော့မသွားစေချင်ဘူး”
အမေကတော့သူ့ရင်ထဲမှာမခံစားနိုင်တော့လို့ထင်ပါရဲ့။ဘယ်လိုနှလုံးသားနဲ့များအမေ့စကားတွေကြားမှာ
တောင့်ခံနိုင်ပါ့မလဲ။ အမေ့စကားတွေကြားမှာ ခံစားချက်များလည်း ပျော်ဝင်သွားခဲ့ပါတယ်။
အပြုံးချိုချိုတွေနဲ့ အမေ့ကို နှစ်သိမ့်နေပေမဲ့ သားတော်မောင်ပဉ္ဇင်းရဲ့နှလုံးသားအစုံဟာ
အမေ့မျက်ရည်တွေကြားမှာမျှောပါသွား ခဲ့ပြီလေ။
ထိုနေ့ညက
တော်တော်နဲ့ အိပ်မပျော်ဖြစ်ခဲ့ပါဘူး။ အခန်းတံခါးကိုစောစောစီးစီးပိတ်ပြီး တစ်ယောက်ထဲကြိတ်
ငိုနေမိပါသေးတယ်။ အော် ကိုယ့်ဘက်ကတွေးကြည့်ပြန်တော့လဲ
အမေက သံယောဇဉ်နယ်ပယ်ကျယ်တဲ့ လူ့ဘုံအလည်မှာလေ။ မိမိကသာသနာ့ဝန်ထမ်းဆိုတော့ အမျိုး ၊ဘာသာ
၊ သာသနာ အနေနဲ့တွေးကြည့်မိတဲ့ အခါလုပ်စရာတွေအများကြီးမဟုတ်ပါလား။
အမေ့ကို သနားကြင်နာပေမဲ့ ဘုရားပေးတဲ့အမွေသာသနာ့အရေကိုခြုံထားရတော့အမေ့ရဲ့သံယောဇဉ်တွေကြားမှာ ကြာကြာနားမနေနိုင်သေးဘူးဆိုတာ
အမေသိအောင် ဘယ်လိုများပြောရပါ့မလဲ။
လေယာာဉ်တက်ရမဲ့ရက်နီးလာပြီမို့
ရန်ကုန်ကိုသွားရပါတော့မယ်။လာပြီးနှုတ်ဆက်ကြတဲ့လူတွေအမျိုးတွေ သူငယ်ချင်းတွေ အားလုံးရဲ့ကြားမှာ
အမေများပါမလားလို့လိုက်ရှာကြည့်မိပါသေးတယ်။ လိုက်ပို့မဲ့ကားက အရံသင့်ဖြစ်နေလို့သာ ကားပေါ်တက်လိုက်ရတယ်
။ အမေ့မျက်နှာကို မမြင်ရတော့ သိမ်ငယ်သလိုလိုတော့
ခံစားရတယ်။ အော် အမေရယ် အမေမသွားစေချင်တဲ့
နိုင်ငံခြားကို သွားလို့ အမေစိတ်များနာနေတာလား။ ဘာပဲပြောပြော ထွက်လာခါနီးမှာ အမေ့မျက်နှာမမြင်ခဲ့ရတော့
(အမှန်တိုင်းပြောရရင် ) ရင်ထဲမှာငိုချင်နေမိ သလိုလို။ “အော် နေနိုင်ရက်လိုက်တာ အမေရယ်” လို့များစိတ်ထဲမှာ
ခံစားမိရင် အမေ့သားအတွက် ငရဲကြီး သွားမလားပဲနော်။ ကိုယ်လဲပဲ ပုထုဇဉ်ပေမို့ မျက်ရည်တစ်ချို့တော့ ထွက်ကျခဲ့မိပါတယ်။ သားရဲ့ရင်ထဲမှာ အသံတိတ်ငိုနေတာ ဘယ်သူများ
သိနိုင်ပါ့မလဲ
အမေရယ်။
ဒီလိုနဲ့လေယာဉ်ကြီးကိုစီး
၊ သူများတွေ အထင်ကြီးတဲ့နေရာ ( တစ်နည်းပြောရင် ) အမေမသွားစေချင်တဲ့ နေရာအခုရောက်လာခဲ့ပြီလေ။ ချောမောစွာရောက်ရှိကြောင်း သူငယ်ချင်းအားလုံးကလည်း
နွေးထွေးစွာ ကြိုဆိုတဲ့အကြောင်း အမေ့ကိုအားရပါးရပြောမယ် ဆိုပြီး
ရောက်ပြီးနောက်ရက် ဖုန်းဆက်ခါ အမေ့ကိုခေါ် ခိုင်းလိုက်ပါသေးတယ်။ ( ၁၅ ) မိနစ် ကြာမှဖုန်းပြန်ဆက်တယ်။
အမေရောက်မလာခဲ့ဘူး။ အော် အလုပ်တွေ ရှိနေလို့ကြာနေတာနေမှာပါ။
ဒါနဲ့နောက်ထပ် (၁၀) မိနစ်လောက်နေတော့ တစ်ခါ ပြန်ခေါ်လိုက်ပါသေးတယ်။ ဒီတစ်ခါလဲ အမေရောက်မလာသေးဘူး။တကယ်တော့ ဖုန်းဆိုင်နဲ့အမေ့အိမ်က အလွန်ဆုံး
( ၅)မိနစ်ပေါ့။
နောက်ထပ် ( ၅ )မိနစ်လောက်မှာတစ်ခါပြန်ဆက်တော့ ရောက်လာပါတယ်။ ဒါပေမဲ့ အမေမဟုတ်ပဲ မမဖြစ်နေတယ်။ ဘယ်သူလာလာ အကျိုးအကြောင်းတော့ သိရတာပေါ့။ ဒါနဲ့ဘာလို့ အမေမလာတာလဲလို့ မေးလိုက်တော့မှ “ ဦးဇင်းရေ ၊ အမေက ဦးဇင်းသွားကတည်းက
တစ်ချိန်လုံးငိုနေတာ ၊ ခုလဲ ဦးဇင်းကို သတိရလို့ဆိုပြီး လိုက်မလာဘူး ဦးဇင်း
၊ မမကိုပြောလေ အိမ်ရောက်မှ အမေ့ကိုပြန်ပြောလိုက်မယ်”
အော် အမေရယ် ၊ နိုင်ငံတွေခြားနေလည်း
သံယောဇဉ်ဓာတ်ခံတွေရှိနေသမျှ မျက်ရည်တွေကို အသုံးချပြီး
လွမ်းပြနေရဦးမယ်အမေ - ။
ပညာရေးအတွက်
နေရပ်ကိုစွန့်ခွါ အမေ့ရဲ့အကြင်နာတွေကို ကျောခိုင်း
ကံကြမ္မာခိုင်းတဲ့
အလုပ်တွေကိုလုပ် ဘာမှမဟုတ်သေးတဲ့ သုညဘ၀ကို အရောင်တင်ဖို့ ရည်ရွယ်ချက်တစ်ချို့နဲ့
သားရဲ့ဘ၀ကို မြှုပ်နှံရတော့မယ်။
ဒီလိုနဲ့
- -
အချိန်နာရီတွေကြာမြင့်လို့ အမေနဲ့ရွာကိုခွဲခွာခဲ့တာ လတွေတောင်အတော်ကြာခဲ့ပြီပဲလေ။
သြော် - - ဘာလိုလိုနဲ့
အမေနဲ့ရွာကိုခွဲခြာလာခဲ့တာ ခုဆို တစ်နှစ်ပြည့်ဖို့ ဘာမှတောင် မလိုတော့ပါလားနော်။ အမေရော
နေမှကောင်းရဲ့လား။ ကံကောင်းထောက်မလို့ အင်တာနက်ဆိုင်မှာ အမေ့မျက်နှာတွေလိုက်ရသေး တယ်။ “အမေ နေမှကောင်းရဲ့လား” လို့မေးလိုက်တော့ မျက်ရည်တွေတစို့စို့နဲ့
ငိုသံတွေ ရောထွေးလို့ “ကောင်းပါတယ် ဦးဇင်းရယ်။ ဦးဇင်းရော နေကောင်းရဲ့လား”တဲ့ “ကောင်းပါတယ်ဗျာ
၊ အမေလဲ ကျန်းမာရေး ဂရုစိုက်နော်” လို့ပြောလိုက်တော့ ဘာသံမှ ပြန်မကြားရတော့ပေ။ တရှုတ်ရှုတ်နဲ့
ငိုသံတွေကိုသာဆက်တိုက် ကြားနေရလေ၏။
နောက်တော့မှ
မမက “ ဦးဇင်း ၊ တပည့်တော်တို့လဲ ဈေးဝယ်စရာရှိလို့ ပြန်တော့မယ်နော် ကျန်းမာရေး ဂရုစိုက်၊လိုတာရှိရင် မှာလိုက်နော် ၊အမတို့လဲ
အားလုံးအဆင်ပြေပါတယ် ၊ဦးဇင်း စာကြိုးစားနော် အမလဲ အမေ့ကျန်းမာရေးကို အမြဲဂရုစိုက်ပေးပါတယ်
၊ ဒါပဲနော်”
သံယောဇဉ်
တစ်ပုံတစ်ပင်နဲ့ ပြုံရွှင်နေတဲ့ဟန်ပြလို့ ငိုသံမပါအောင် စကားကို ဘယ်လိုပဲထိမ်းထိမ်း အမေ့ရင်ထဲမှာဘယ်လောက်ပြင်းထန်တဲ့ဝေဒနာတွေဖြစ်နေမလဲဆိုတာ သားသိနေပါတယ်အမေရယ်။
ဖန်ဝါဆင်မြန်း ၀တ်သင်္ကန်းကိုရုံထားရပေမဲ့ခံစားမှုမဲ့တဲ့ နှလုံးသားတော့ သားမှာ မရှိပါဘူး
အမေရယ်။ အမေနဲ့ထပ်တူထပ်မျှ သားကိုယ်တိုင် ခံစားနေခဲ့ရတာတွေကို အမေမသိအောင် ရင်ထဲမှာမျိုသိပ်လို့ အံကြိတ်ပြီးငိုခဲ့ရဖူးပါတယ်။
အော် အမေရယ်
- အမေစိတ်မကောင်းဖြစ်မှာစိုးလို့ ဖွင့်မပြောမိခဲ့တာလေးရှိသေးတယ်။ အဲဒါဘာလဲဆိုရင် သားခြေထောက်မှာ ခြေစွယ်ငုတ်တာပြန်ဖြစ်သေးတယ်လေ။ ရွာမှာဖြစ်တုန်းကဆို
အမေကိုယ်တိုင်သေချာ လုပ်ပေးလို့ ပျောက်ခဲ့ပေမဲ့ အခုဒီရောက်တဲ့အခါ ဆေးခန်းမှာ ထုံဆေးပေးပြီးတော့
ခွဲလိုက်ရတယ်လေ။ အဲဒီညကဆို အနာအရှိန်ကြောင့်
အဖျားတက်တဲ့အခါ အမေနဲ့ရွာကို ဘယ်လိုကို လွမ်းလို့လွမ်းနေမှန်းမသိဘူး အမေရယ်။
အမေ့ရဲ့ အကြင်နာတွေ မြင်ယောင်ပြီး အိပ်မက်အဖြစ်နဲ့တောင် ခဏ၀င်လာပါသေးတယ်။ တကယ်ပဲ ရွာပြန်ရောက်နေတယ်ထင်လို့
ဘယ်လိုပျော်လို့ ပျော်သွားမှန်းမသိပါဘူး။ မနက်မိုးလင်းခါနီးမှ အနာကကိုက်လို့နာတာကို
အမေက ဆေးထည့်ပေးလို့နာတယ်ထင်ပြီး “ အမေ့ ၊
နာလိုက်တာ ”ဆိုပြီးတော့ ယောင်လို့တောင်အော်လိုက်မိပါသေးတယ်။
သြော် တကယ့်
တကယ်တော့လည်း ဘယ်ကိုပဲသွားသွား ဘယ်နေရာပဲရောက်ရောက် တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ
အရင်တစ်ချိန်ကနွေးထွေးစွာပေးခဲ့ဘူးတဲ့ အမေ့ရဲ့ မေတ္တာစေတနာအကြင်နာတွေက သားတို့သမီးတို့ရင်ထဲမှာ ထာဝရလန်းဆန်းစွာ ပွင့်လန်းနေလိမ့်မယ်ဆိုတာ
မိဘကို မြတ်နိုးတန်ဘိုးထားတတ်သူ တိုင်းသိနိုင်ပါတယ်။
အမေရယ် သားရဲ့ရည်ရွယ်ချက်
ကိုယ့်ရပ်ရွာအတွက် လိုအပ်ချက်တွေဖြည့်ပေးနိုင်ဖို့ သားမှာ ပညာရေးဝမ်းစာ အရည်ချင်းတွေပြည့်လာတဲ့အခါ အမေရှိတဲ့ရွာဆီကို အမြန်သာပြန်လာခဲ့ပါမယ်။
အဲဒီအခါကျမှအမေ့ရင်ထဲမှာ ရှိနေတဲ့သံယောဇဉ်အမျှင်တွေအတွက် ဓမ္မရေစင် သက်သက်နဲ့ ပတ်ဖြန်းကာဆေးကြောပေးပါဦးမယ်။
အမေ့သားပြန်အလာကို ကျန်းမာစွာစောင့်ကြိုနေပါတော့ -။
အမေနှင့်တကွအားလုံးသော ရွာသူရွာသားများကျန်းမာချမ်းသာကြစေလို့အမြဲဆုတောင်းပေးနေပါတယ် ။
အမေအလွမ်းပြေစေဘို့ သားရဲ့ ဓာတ်ပုံလေးလဲပို့လိုက်မယ်နော် ၊ အမေ ထာဝရပျော်ရွှင်ပါစေ။
သားတော်မောင်ပဉ္ဇင်း
( ခေတ္တသီရိလင်္ကာ )
( အနန္တမေတ္တာရှင် မွေးမေမေဆီသို့ - စာတစ်စောင်
)
ပါးပြင်မှာ
မျက်ရည်တွေစိုလို့ ၊ အမေတကယ်ငိုနေတာပေါ့။
သံယောဇဉ်အမျှင်များကို
၊ ခင်အားပိုနေတဲ့ အမေ။
ရုန်းမထွက်နိုင်လို့
မျက်ရည်ကျ ၊ အငိုစတွေ ရှင်သန်စေတာပေါ့။
တရားမသိလို့
အားချိနေတာမဟုတ် ၊ မဆင်ခြင်တတ်လို့ ရင်ခွင်အက်နေတာပါ။
သား နားလည်ပါတယ်။
၊တွေ့တဲ့အခါ ကြင်နာပြပြီး
မမြင်သာလို့
ဝေးကွာသွားတော့ ၊ မေတ္တာပို့ပေါ့ အမေရယ်။
ငိုနေမဲ့အစား
မေတ္တာလေးပွားတော့ ၊ သားကိုသတိရနေမျှ ကုသိုလ်ရတာပေါ့။
သားဘ၀ကို
နွေးထွေးစေတဲ့ အမေ့ရဲ့ မေတ္တာတွေအတွက်
ကျေးဇူးတွေပြန်ဆပ်ဖို့
သားကြိုးစားနေပါတယ်။
ပူလောင်စေတဲ့
အမေ့ပါးထက်က မျက်ရည်တွေအား
မြတ်ဘုရားပေးတဲ့
တရားရေအေးများနဲ့ ဆေးကြောပေးပါရစေ။
သံယောဇဉ်ကြီးမားတဲ့
အမေ့အတွက် ဖြေသာတဲ့ဆေးတစ်ခွက်ပေးလိုက်မယ်။
“အပ္ပမာဒေန
ဘိက္ခဝေ သမ္ပာဒေထ”လို့ သားကိုသတိရသမျှ ရွတ်နေပါအမေ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး
မဂ်ဖိုလ်ပန်းဆင်မြန်းနိုင်ပါစေလို့
ဆုတောင်းအခါခါ
ပတ္ထနာအကြိမ်ကြိမ်ပြုပြီးတော့
အမေ့ရဲ့ကျေးဇူးတရားများကို
သား အသိမှတ်ပြုလိုက်ပါတယ်။
သောကမျက်ရည်တွေစိုလို့
အပူတွေပိုနေတဲ့ အမေ့မျက်နှာမှာ
ဓမ္မပီတိတွေဝေဖြာ၍
ထာဝစဉ် အေးမြပါစေသော်။
( ပြာသိုလပြည့်
အမေနေ့ကို ကြိုဆိုသောအားဖြင့် ခံစားရေးဖွဲ့ပါသည်။)
ဦးဇင်းရေးထားတာလေး ဖတ်ပြီး ခံစားလိုက်ရတာ..
ReplyDeleteရေးလဲရေးတတ်သလို အနုပညာရသလဲ မြောက်လိုက်တဲ့ ပေးစာလေးကို
ဖတ်ပြီး ပီတိဖြစ်ရသလို ဘေးမှာရှိနေတဲ့ အမေ့ကိုတောင်
အတူတူနေပြီး လွမ်းရမိတဲ့အထိပါပဲ...
(ဦးဇင်းကရေးတာလေးတွေ ပြောင်မြောက်လို့)
ကျန်းမာပါစေ ဦးဇင်းရေ..:)
ဆုတောင်းပေးလျက်...မိုးနတ်
ဦးဇင်း...
ReplyDeleteရောက်ခဲ့ပါတယ် ဘုရား။အမေ့အတွက် ရေးထားတဲ့
နောက်ဆုံး စာပိုဒ်လေး တကယ်ခံစားမိပါတယ်။
မိဘတစ်ယောက်နေရာမရောက်သေးပေမဲ့
မိဘတစ်ယောက်ရဲ့ ခံစားမှု့မျိုးကို တွေးမြင်မိပါတယ်ဘုရား
ဦးဇင်းလည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး လောကအကျိုး
သာသနာ့အကျိုးကို ဆထက်တစ်ပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဘုရား
ရိုသေစွာဖြင့်
အလွမ်းမြို့
မျိုးဆက်သစ်အရှင် ဆရာတော်ဘုရား
ReplyDeleteအမေ့သားလေး နိုင်ငံခြားမှာတစ်ခုခု နေမကောင်းထိုင်မသာဖြစ်ရင် ဘယ်သူက ပြုစုပေးမှာလဲ။ ပြုစုပေးတဲ့လူရှိဦးစေဦးတော့ အမေ့လိုကြင်ကြင်နာနာနဲ့ ဘယ်သူက ဂရုစိုက်ပေးနိုင်မှာလဲ.........
သားရယ်၊အမေ့ကိုတရားမရှိဘူးပဲပြောပြော၊တရားမသိဘူးပဲပြောပြော၊သားကိုချစ်တဲ့ဇောတွေကတော့ အမေ့ရင်ထဲမှာ အပြည့်ပါပဲ သားရယ်။ ဘာပဲဖြစ်ဖြစ် အမေ့သဘောကတော့မသွားစေချင်ဘူး........
ရင်ထဲကိုစူးနစ်ဝင်ရောက်စေသော စကားလုံးများ......
ချမ်းမြေ့ပါစေ
ရိုသေလေးစားစွာဖြင့်
မိုးပုံလွှာ