Saturday, November 17, 2012

ဓမ္မသဘော၌ လူတန်းစားခြားနားမှုမရှိ



လောက၌ လူတန်းစားအမျိုးမျိုး အလွှာအသီးသီးရှိပါသည်။ မင်းမျိုး  သူဌေးသူကြွယ်ကုန်သည် ပွဲစားမျိုး အောက်ခြေလူတန်းစား    ဆင်းရဲသားမျိုး အာဏာရှင်များနှင့်   ဖိနှိပ်ခံလူတန်းစားမျိုး မိတ်ဆွေကောင်း စသောပတ်ဝန်းကျင်အသိုင်းဝိုင်းရှိသောလူတန်းစားမျိုးနှင့်တစ်ကောင်ကြွက် တစ်မျက်နှာသာရှိသော လူတန်းစားမျိုး စသည်စသည်ဖြင့် အမျိုးအမျိုး အဖုံဖုံရှိကြလေ၏။

ထိုကဲ့သို့ အဆင့်အတန်း အခြေအနေအားဖြင့်  အမျိုးမျိုး ကွဲပြားသော်လည်း ဓမ္မအရာ ( သို့ ) တရားသဘောအရာ၌ ကွဲပြားခြားနားမှုမရှိပေ။

စစ်မှန်သောတရားဓမ္မကို ရှုမြင်သုံးသပ်၍    ကျင့်သုံးဆောက်တည်ပြီးသော   ပုဂ္ဂိုလ်မှန်သမျှ ဘယ်လိုအသိုင်းဝိုင်း    အဆင့်တန်းကပင်ဖြစ်စေ    ယဉ်ကျေးသိမ်မွေ့သူဖြစ်သလို မြင့်မြတ် စင်ကြယ်သူလည်းဖြစ်ပါသည်။

စစ်မှန်သော တရားဓမ္မကို မှန်ကန်သောနည်းလမ်းအားဖြင့် ရှုမြင်သုံးသပ်ခြင်းမရှိ ၊    ကျင့်သုံး
 ဆောက်တည်ခြင်းမရှိလျှင်တော့ ဘယ်လိုအလွှာမျိုး အတန်းစားမျိုးကမှသူ့အလိုလိုယဉ်ကျေး သိမ်မွေ့သောသူ ၊ မြင့်မြတ်စင်ကြယ်သောသူဖြစ်လာနိုင်စရာအကြောင်းမရှိပေ။

ဥပမာအားဖြင့် ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားသော ဆင် မြင်း ကျွဲ နွားစသောတိရစ္ဆာန် များနှင့် လေ့ကျင့်သင်ကြားမှုမရှိသောတိရစ္ဆာန်များ၏ ခြားနားမှုကိုလေ့လာခြင်းဖြင့် ထင်ရှားစွာ
 တွေ့မြင်နိုင်ပါသည်။

ဆင်-မြင်း-ကျွဲ-နွား ဟူသော သဘောသည်တူညီလျှက်ရှိပြီး ကောင်းမွန်စွာလေ့ကျင့်သင်ကြားမှု 
ရှိခြင်း မရှိခြင်းဟူသောအကြောင်းကြောင့် လိမ္မာယဉ်ကျေးမှု ရှိခြင်း မရှိခြင်းဟူသော   သဘော သည်သာ ခြားနားလျက်ရှိလေ၏။

ဓမ္မနှင့်စပ်လျဉ်း၍ အမှန်တရားကို ရှုမြင်ပြီး ဆောက်တည်ကျင့်သုံးရာ၌ အကျိုးတရားဖြစ်ပေါ်မှု ကား ခြားနားခြင်းမရှိပေ။

ဆောက်တည်ကျင့်သုံးသူ၏ အခြင်းအရာ သဘောအားလျော်စွာ အကျိုးတရားသည် ဖြစ်ပေါ် လာသည်သာ ဖြစ်၏။

ဈာန်တရား ၊ မဂ်တရား ရရှိကြောင်းသည် လူတန်းစားမရွေးပေ ၊ ကျင့်သုံးဆောက်တည်သည့် 
အားလျော်စွာ မည်သူမဆို ဈာန်တရား မဂ်တရားကို ရနိုင်ခြင်းသဘောရှိပေ၏။

ဥပမာအားဖြင့် လူတစ်ယောက်သည် ကျွန်းသားထင်းကို ယူလာ၏။ အခြားတစ်ယောက်သည် အင်ကြင်းသားထင်းတုံးကို ယူလာ၏။    အခြားလူတစ်ယောက်သည် သရက်သားထင်းတုံးကို 
ယူလာ၏။

ထိုသူတို့သည် မိမိတို့၏ ထင်းစ အသီးသီးကို မီးရှို့ကြသောအခါ အားလုံးမီးတောက်ပြီး မီးခိုး ထွက်သည်သာဖြစ်၏။ တစ်စုံတစ်ယောက်သောသူ၏ မီးစသည် မီးမတောက် ၊ မီးခိုးမထွက် ဟူ၍မဆိုနိုင်ပေ။

                                      ( မဇ္ဈိမပဏ္ဍ္ဂာသပါဠိတော် ၊ ရာဇ၀ဂ် ၊ ကဏ္ဍ္ဂကတ္ထလသုတ် )

Tuesday, November 13, 2012

ခေါင်းဆောင်များကို စွန့်ခွာချိန်


လောကမှာ မိမိတို့ တကယ်ကိုလေးစားရသော ခေါင်းဆောင်တစ်ယောက်ကိုစွန့်ခွါဖို့ဆိုသည်မှာ အလွန်တရာမှ ခက်ခဲလှပါတယ်။   အပြောလွယ်သလောက်အလုပ်ခက်တယ်လို့ပဲ ဆိုရမလား။ အခြေခံအားဖြင့် သူ့အပေါ်မှာ ယုံကြည်မှု ၊ အထင်ကြီးလေးစားမှု ၊ အားကိုးအားထားပြုမှုတွေနဲ့ တည်ဆောက်ထားလို့ဖြစ်တယ်ဆိုတာကို မည်သူမှငြင်းဆိုနိုင်မည်မထင်ပါ။

ကိုယ်ယုံကြည်လို့ ကိုးစားမိခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ   အရည်အသွေးတွေ ကျဆင်း လာတဲ့တစ်နေ့ ၊ မိမိတို့ဟာ ထိုခေါင်းဆောင်မျိုးကို စွန့်ခွါနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။

ဓမ္မသဘောမဖက်တဲ့  တွေးခေါ်မှုသက်သက်ဟာ ထာဝရမှန်ကန်နိုင်တဲ့အရာမဟုတ်ဘူး ဆိုတာ ခေါင်းဆောင်တိုင်း သတိထားရမည့် အချက်ပါ။

ခေတ်ကာလတစ်ခုရဲ့ လက်ရှိအခြေနေအရ   အရာအားလုံးကို ခြုံငုံသုံးသပ်ပြီး    ဆုံဖြတ်ချက် ချတတ်တဲ့      လူမျိုးဟာ ``ကာလခေါင်းဆောင်တစ်ယောက်´´သက်သက်ပဲဖြစ်နိုင်ပါတယ်။ အချိန်တိုတောအတွင်းမှာ ပတ်ဝန်းကျင်ရဲ့   အားပေးမြှောက်စားမှုစသော ဘ၀ရဲ့အောင်မြင်မှု တစ်ချို့တစ်စိပ်ပိုင်းလောက်ကိုသာ ခံစားရနိုင်ပါတယ်။          သို့သော် - - - တစ်ခါ တစ်ရံမှာ ထိုအကျိုးရလဒ်ကပင် သူ၏လက်ရှိ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို  တိုက်စားသွားနိုင်သည်ကို အစဉ်သတိရှိရပါမယ်။

အောင်မြင်တဲ့လုပ်ရပ်တစ်ခု (သို့) ပတ်ဝန်းကျင်ကလက်ခံနိုင်တဲ့  အရာတစ်ခုကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့အခါ ထိုသူသည် မည်သည့်အခြေနေမှာပဲရောက်ရောက်နောက်ထပ်ဖြစ်ပေါ်လာ မည့်လုပ်ရပ်အတွက် ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးဖို့ အရံသင့်ရှိနေပါလိမ့်မည်။     ထိုအခါ မိမိ ထင်မှတ်မထားသောပြုမူ ပြောဆိုခြင်းများသည် ကြီးကျယ်သောဘ၀ရဲ့   အောင်မြင်မှုတစ်ချို့ ကိုတုန်လှုပ်ချောက်ခြားသွားစေနိုင်ပါသည်။

ခေါင်းဆောင်ကောင်းဆိုသည်မှာမိမိ၏ပတ်ဝန်းကျင်ကို အသိပညာအားဖြင့်ဖြစ်စေ၊အကျိုးစီးပွား အားဖြင့်ဖြစ်စေ၊     တစ်ခုခုကိုအစဉ်ထာဝရဆောင်ရွက်ပေးနေရခြင်းမှာ   ပျော်ရွှင်နေသူတွေပဲ
 ဖြစ်ပါတယ်။ တစ်ဘက်သား၏ ထိခိုက်နစ်နာမှုအပေါ်မှာ စာနာတတ်သူလဲဖြစ်ရပါမယ်။

အန္တရာယ်တစ်စုံတစ်ရာ   ကျရောက်လာခဲ့လျှင်လည်း အမှား အမှန် ၊      အကြောင်း အကျိုး ၊ 
အကောင်း အဆိုးကို ဝေဘန်တတ်ရပါမယ်။

ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်မှုသည် ဓမ္မသဘောတရားကို အခြေခံ၍ဖြစ်စေ ၊ ရှေးရိုး အစဉ်အဆက်မှ ထိမ်းသိမ်းလာခဲ့သော ရိုးရာအစဉ်အလာကို အခြေခံ၍ဖြစ်စေ ၊  မျက်မှောက် အခြေနေ၏ ဖြစ်ပျက်မှုကို အခြေခံ၍ဖြစ်စေ ၊       တစ်စုံတစ်ခုကို အခြေခံ၍ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်နိုင်စွမ်းရှိရပါမယ်။ ထိုအခါ မိမိ၏ စိတ်ခံစားမှုကို ရှေ့တန်းမတင်မိရန်    အထူးသတိ
 ပြုရပါမယ်။

ပြဿနာတစ်ခုကို ဆန်းစစ်သောအခါ မညီမျှခြင်းသဘောတရားတစ်မျိုးကို တွေ့ရှိနိုင်ပါတယ်။ ထိုမညီမျှမှုဆိုသည်မှာ ဖြစ်နိုင်ချေအားဖြင့် အသာစီးရခြင်းနှင့်ခံလိုက်ရခြင်းသာဖြစ်နိုင်ပါသည်။ 
ထိုအခါ သိမ်မွေ့နုညံ့သောစိတ်၏ သဘောတရားမှာ အလွန်တရာမှ ထိခိုက်လွယ်ပြီး ခံလိုက်ရ 
တဲ့ဘက်ကို  အသနားပိုပြီးအသာစီးရသောဘက်ကိုမူအလိုလိုမကျေနပ်မနပ်ဖြစ်လာနိုင်လေ၏။ ထိုပြဿနာမျိုးသည် ခံစားမှုကို အခြေခံ၍ ဆုံးဖြတ်မိလျှင် ၉၉% မှားသွားနိုင်ပေ၏။    

အဘယ် ကြောင့်ဆိုသော် ပြဿနာ၏ အရစ်အမြစ်မှာ ခံရခြင်း ၊အသာစီးရခြင်းများမဟုတ်သော
ကြောင့် ပင်တည်း။       ပြဿနာတစ်ခုသည်အကြောင်းရင်းဇစ်မြစ်ကိုမရှာပဲ     ဆုံးဖြတ်မိလျှင် 
ထိုအကြောင်း ရင်း၏ အကျိုး (ရလဒ်) ကိုသာ ဆုံးဖြတ်မိတတ်၏။

ခေါင်းဆောင်သည် နောက်လိုက်မဟုတ်သောကြောင့်    သူများထက်မပိုသော သာမန်စိတ်ကူး 
မျိုးဖြင့် ဘယ်အရာကိုမှလုပ်ဆောင်၍မရပါ။ ထို့ကြောင့် ခေါင်းဆောင်တိုင်းသည်သာမန်စိတ်ကူး ထက်ထူးခြားနေရပါမယ်။ မိမိနှင့်မခြားသောသူတစ်ယောက်ကိုလည်းမည်သူကမျှခေါင်းဆောင် ဟုလက်ခံလိမ့်မည်မဟုတ်ပါ။

အချုပ်အားဖြင့်ဆိုရလျှင်   ခေါင်းဆောင်တစ်ယောက်သည်      မိမိသန္တာန်မှာထက်မြတ်သော အတွေးအမြင်မျိုးကို ထာဝရရှင်သန်နေဖို့အတွက် ကြိုးစားရပါမယ်။                 သို့သော် - - ဓမ္မဖြင့် ဘောင်ခတ်မထားသောထိုအတွေးအမြင်မျိုးသည် ဖြောင့်မတ်သော     ဦးတည်ချက်မှ 
အချိန် မရွေး  ရွေ့လျားသွားနိုင်သည်ကို သတိပြုရပါမယ်။

ထိုသို့မဟုတ်လျှင် အစွန်းရောက်သောလူသားအဖြစ်နှင့်         ထိုပတ်ဝန်းကျင်ကို  ပြန်လည် ဖျက်ဆီး နိုင်စွမ်းရှိသောကြောင့်ဖြစ်ပါသည်။

ထိုအခါ - တစ်ချိန်က မည်မျှပင်လေးစားအားထားခဲ့ရသောသူဖြစ်ပါစေ။        ထိုအချိန်မှစ၍ ထိုခေါင်းဆောင်ကို စွန့်ခွါနိုင်ဖို့ ကြိုးစားရပါတော့မယ်။

သို့သော်  -  ခေါင်းဆောင်နှင့်နောက်လိုက်ဆိုသည်မှာ စိတ်ခံစားမှုဖြစ်စဉ်အားဖြင့် တူညီသော သူများပင်ဖြစ်၏။ ထို့ကြောင့် - သာမန်ပြည်သူများလွဲမှားနိုင်သော   လုပ်ရပ်တစ်ခုသည်လည်း မည်သည့်ခေါင်းတိုင်းမှာမဆို ဖြစ်ပေါ်နိုင်စရာအကြောင်းရှိလေ၏။

ရှေ့သို့တိုးတက်ရေးကိုသာ ဦးတည်နေသောအခါ   နောက်ကဖြစ်စဉ်တစ်ချို့၏လွဲမှားမှုများမှာ လည်းရှိနေမည်သာဖြစ်၏။ ထိုလွဲမှားမှုမျိုးသည်     တမင်ဖန်တီးထားခြင်းမဟုတ်သည့်အတွက် အပြစ်မမြင်အပ်ပါ။   အမှားတစ်ခုကျူးလွန်ဖို့ရန်အတွက် စနစ်တကျဖန်တီးထားသောပြဿနာ များနှင့်ရင်ဆိုင်ရသောအခါ တည်ကြည်ခြင်း    ၊          သမာသမတ်ကျခြင်းတို့ကို ဦးစားပေး ဆုံးဖြတ် နေလျှင်တော့   ထိုခေါင်းဆောင်အတွက် လိုအပ်သည့် ကာယအားဥာဏအားတို့ဖြင့် ပံ့ပိုးရန် နောက်လိုက်များအနေနှင့် မမေ့သင့်ပေ။

ဆုံးဖြတ်ချက်တစ်ခုသည် အမှားဘက် ၊               အများလက်မခံသည့်ဘက်သို့ ဦးတည်နေ   လျှင်နောက်လိုက်များမှာအကြောင်းယုတ္တိခိုင်လုံစွာတင်ပြခြင်းဖြင့်ရပ်တန့်စေရပါမည်။ထိုအခါ မိမိဂုဏ်သိက္ခာအတွက် ရှေ့ဆက်သွားလျှင်တော့ထိုခေါင်းဆောင်ကိုလမ်းသာဖွင့်ပေးလိုက်ပါ။ 
ဒါပေမဲ့ သင်ကိုယ်တိုင်တော့ လိုက်မသွားမိပါစေနှင့်။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို လက်မခံနိုင်သော ခေါင်းဆောင်ထက် အမှားတစ်ချက်ကို ထောက်ပြနိုင်သော နောက်လိုက်၏     တန်ဘိုးက သာလွန်၍မြင့်မားသောကြောင့်ပင်ဖြစ်ပါသည်။          တစ်နည်းဆိုရသော်အစွမ်း ကုန်၍ ပြုတ်ကျသွားသောသူကို တွယ်ဖက်မထားမိရန်သာဖြစ်ပါသည်။