Sunday, September 30, 2012

အတွေးလွန်၍ ဘေးချွန်သွားခြင်း



သံဃာတော်များ စီတန်းပြီး အာရုံဆွမ်းခံထွက်ကြရလေ၏။   ဆွမ်းခံသွားလျှင် ဆွမ်းဒကာများ
ဆွမ်းဒကာမများကို မေတ္တာပို့ပြီးသွားရန် အမြဲတမ်းသြ၀ါဒပေးထားသော်လည်း  ကိုယ့်အတွေး
နှင့်ကိုယ်ဆိုတော့ မေတ္တာပို့ရန်ပင်မေ့နေတတ်ပါသည်။

ကိုရင်တိက္ခတို့အရွယ်ဆိုရင် စိတ်ကူးယဉ်လို့ကောင်းတဲ့အရွယ်။      ဆွမ်းခံသွားရင်း လမ်းမှာ
ဆိုင်ကယ်လေးစီးပြီး သွားတဲ့     လင်မယားတွေ စုံတွဲတွေများတွေ့လိုက်ရင် အော်တိုစိတ်ကူး
ယဉ်ပြီးသားဘဲလေ။

``ရှေ့ကလူနေရာမှာ ငါဆိုရင် ဆိုင်ကယ်ကို တအားမောင်းပစ်လိုက်မယ်။      ဒါမှနောက်က
   ကောင်မလေးက ငါ့ခါးလေးဖတ်ပြီး `မောင်ရယ် ဖြေးဖြေးမောင်းပါ။ ဒီမှာရင်တွေတုန်လှပြီ´
   အဲဒီလိုလေးပြောရင် လီဗာလေးကို ခပ်ပြင်းပြင်းလေး စွဲလိုက်ဦးမယ်။`ဘူး  ဘူး ဘူး၊တီ တီ
   တီ´ဆိုပြီး ဟွန်းလေးကိုတီးလို့´´

``ဟေ့ကောင်တိက္ခ၊ ဘာဖြစ်နေတာလဲကွ၊ မင်းရူးနေတာလား၊ဘာလဲ ပါးစပ်က တစ်ဘူးဘူး၊
   တစ်တီ တီ နဲ့အော်ပြီး ငါ့ကျောကို မင်းသပိတ်ဖုံးကြီးနဲ့ လာ လာပြီး   ဆောင့်တိုက်နေတာ
   သုံး လေး ခါလောက်ရှိနေပြီ´´

ထိုအခါမှ သတိပြန်ဝင်လာပြီးကြည့်လိုက်မိပါသည်။    မိမိသပိတ်ဖုံးနဲ့ ရှေ့ကကိုရင် သုမန၏
နောက်ကျောကို တော်တော်လေး အရှိန်ပြင်းပြင်းနဲ့တိုးထားတဲ့ပုံသဏ္ဍာန်။

``ဟဲ ဟဲ ဘာရယ်ဟုတ်ပါဘူးကွ။ အတွေးလွန်လို့ ဘေးချွန်သွားတာပါ´´

( သြော် ဒါနဲ့ စကားမစပ်၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတာတော့ တိက္ခတို့ကြောင့်တော့
  ဟုတ်လောက်ပါဝူးနော် )

Monday, September 24, 2012

ရိုသေတာ ဟုတ်ဘူးတဲ့



ဥပုသ်နေ့ ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် ဆွမ်းခံပြန်လာပြီးချိန်တွင် သူငယ်ချင်းကိုရင်တစ်ပါးမှ
ဒကာခံပါမည်ဟုဆိုသောကြောင့် ကျောင်းဘေးနားကလက်ဖက်ရည်ဆိုင်သို့ သူငယ်ချင်းတစ်စု
ချီတက်လာခဲ့ကြပါသည်။

ကံထူးသည်ဟုပင်ပြောရမလား။ ဒီနေ့ဆွမ်းခံသွားတာ ၀က်သားဟင်းတစ်ခွက် ကြက်သားဟင်း
တစ်ခွက်နှုင့် မိမိအလွန်ကြိုက်နှစ်သက်သော ချဉ်ပေါင်ကြော်တစ်ခွက်လဲ ပါလာလေ၏။ အခုလဲ
လက်ဖက်ရည်ဒကာခံမည့် သူငယ်ချင်းနဲ့တွေ့ရပြန်၏။

စိတ်ထဲမှာတော့ တွေးလိုက်မိပါသည်။          ဒီနေ့ တိက္ခတို့ ကံတက်နေတဲ့နေ့ပါလားလို့လေ။
ဆိုင်ရောက်တော့ မိမိတို့ကြိုက်နှစ်သက်ရာများကို မှာစားကြပါသည်။    မိမိကတော့ထူးထူးခြား
ခြားဘာမှတော့ မစားဖြစ်ပေ။ ရှမ်းခေါက်ဆွဲလေးစားပြီး    ( အားနာပါးနာဖြင့် )  လက်ဖက်ရည်
ပေါ့ဆိမ့်တစ်ခွက်မှာ သောက်လိုက်ပါသည်။   အလှူရှင်လေးရှိတုန်း    Red Ruby   ဆေးလိပ် တစ်လိပ်ကိုလဲ ခပ်တည်တည်ဖြင့်မှာလိုက်လေ၏။

ဆေးလိပ်တော့ရောက်လာပြီး မီးခြစ်ကပါမလာပေ။  ထို့ကြောင့် မီးခြစ်လှမ်းတောင်းလိုက်ရ၏။
``ဟေ့ ကောင်လေး ၊ မီးခြစ် ယူခဲ့ဦးဟေ့´´
``တင်းပ တင်းပ ၊ လာပါပြီဘုရား´´
ထိုနောက် ကောင်တာမှ ပိုင်ရှင်တကာကြီးက ထလာပြီး      ( မီးခြစ်ကို ကိုယ်တိုင်ခြစ်ပေးမည့်
ဟန်ဖြင့် ) - - -
``ကိုရင် ဆေးလိပ်ဖွာလိုက်လေ ၊ တပည့်တော်မီးခြစ် ခြစ်ပေးပါမယ်´´

စိတ်ထဲမှာတော့ တွေးလိုက်မိပြန်ပါသည်။  ဟာ ဒီနေ့တော်တော်လေး ဟုတ်နေပါလား၊ ခါတိုင်း
စားပွဲထိုးလေးက မီးခြစ်ကိုချပေးထားခဲ့တာများပြီး ခုမှ  ထူးထူးခြားခြား     ဒကာကြီးကိုယ်တိုင်    မီးခြစ် ခြစ်ပေးနေ၏။

မိမိလဲ ဘာမှပြောမနေတော့ ဆေးလိပ်လေးကိုသာ ကောက်ပြီးဖွာလိုက်လေ။      ဒါပေမဲ့ ဒီလို
ရိုသေတာတွေ့တော့လဲ တိက္ခတို့ပါးစပ်ကလဲ အငြိမ်မနေနိုင်ပေ။   ထို့ကြောင့် ဆေးလိပ်ဖွာပြီး

``ဒကာကြီး ၊ ရိုသေလှပါလားဗျ ၊ မီးခြစ်ကို ကိုယ်တိုင်ခြစ်ပေးနေတာဆိုတော့ ´´

ဒကာကြီးကမဆိုင်းမတွပင် ပြန်ပြောလိုက်သောစကားကြောင့် သူငယ်ချင်းအားလုံးပွဲကျသွားပေမဲ့ မိမိမှာတော့ ရယ်ရခက် ရှက်ရခက်ဖြစ်သွားလေ၏။ ကြည့်ပါဦး သူပြောပုံက - -

`` ရိုသေလို့တော့ မဟုတ်ဘူး ကိုယ်တော်ရေ၊ မီးခြစ်တွေ ခဏခဏပျောက်တတ်လို့ဘုရား´´
``အန်´´

အင်း  . . .  စိတ်ထဲမှာတော့ ပြောလိုက်မိပါသည်။
``မှတ်စမ်းကွာ ၊ ကိုယ့်ကိုကိုယ် အချောက်တိုက် ဘ၀င်မြင့်နေတဲ့ကောင်´´

Tuesday, September 18, 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ



မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ   အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊  အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေဆိုပြီး  ဖာသိဖာသာနေတာလဲ ပါမှာပါ၊သို့သော်လည်းတိုင်းတပါးကိုရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒ
သမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်။

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊တရုတ် ကိုးရီးယားဂျပန်
လူမျိုးတွေကို တွေ့လာရတဲ့ အခါမှာတော့    သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊
သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ    လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာ
လူမျိုး သိက္ခာတော်တော်ကျနေပြီ၊  သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သား
မိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊

သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်ရင် သူ့တို့ ဘာသာရဲ့အားနည်းချက်ကိုသိနေတော့ပြောဆို
ရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။

အထူးသဖြင့်စာရေးသူတို့ မြန်မာနိုင်ငံမှာမဟာယာနဗုဒ္ဓဘာသာဆိုတာတရုတ်ဘုန်းကြီးကျောင်း
တွေမှာသာ  ရှိတာမို့   ရဟန်းသံဃာတွေရော  ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ 
ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်။

                               ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော  မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် 
၃ လလွန်မြောက်ပြီးသောအခါ   အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏  တရားတော်တို့ကို  တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်း၊  ထုတ်
နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း  ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့်ဘုရားဟောတော်မူခဲ့ပြီးသောတရားတော်တို့ကို   ယနေ့အချိန်အထိတလုံးတပါဒ
မျှပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝကအစဉ်အဆက်  လက်ဆင့်ကမ်းသယ်ဆောင်
လာသော ၀ါဒကို  ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက်သယ်
ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

                                   ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး    သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက်   ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်တပည့်များ)မှအဓမ္မ၀တ္ထု (၁၀)ပါးကိုတောင်းဆိုခဲ့ကြသည်။ဥပမာ  နေလက်တစ်သစ်
လွဲသည့်အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့  ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကိုလူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြု
နိုင်တယ် --စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်
လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ   ဦးဆောင်သော    ရဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ်ဝဇ္ဇီတိုင်းသားရဟန်းပျက်များကိုသံဃာထု၊ မင်းပရိသတ်ထု၊ပြည်သူလူထု
ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊  ထိုရဟန်းပျက် များကား  တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် 
ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ပြီး  ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော  အင်အားရှိသဖြင့် မဟာသံဃိက
ဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)အဖွဲ့အား ဟီနယာန  ဂိုဏ်းသေးငယ်
သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ    ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ငါတို့က ရွာရဲ့မြောက်ပိုင်းမှာနေတယ်ဆိုရင်    သူတို့က
တောင်ပိုင်းမှာ နေတယ် ဟု အလိုလို    မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း 
မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်။

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့်  တောင်ပိုင်းဗုဒ္ဓဘာသာ   (ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ    သီရိလင်္ကာ၊    ထိုင်း၊    မြန်မာ၊ 
ကမ္ဘောဒီယား၊   လာအို နိုင်ငံတို့တွင်    သာသနာထွန်းကားနေဆဲမို့     ထေရ၀ါဒ ၅ နိုင်ငံ ဟု 
အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။


မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည်မြောက်ပိုင်း ဟိမ၀န္တာကနေပြန့်ပွားခဲ့သောကြောင့်
မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟုမှတ်နိုင်သည်၊ ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်။

မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏       သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်။

အေဒီ ၄ ရာစုလောက်တွင်တော့Asanga  အသင်္ဂနှင့် Vasubandhu   ၀သုဗန္ဓု တို့ လက်ထက်
တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်
ဟု ဆိုရပါမည်။(မဟာ- မြင့်မြတ်သော၊ယာန-နိဗ္ဗာန်သို့ ပို့ဆောင်ပေးသောအရာ၊ယာဉ်ဟူသော၊
ဝါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာနသည်တရုတ်ပြည်၊ တိဗက်၊ပါကစ္စတန်၊
မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသောတောင်အာရှနိုင်ငံများအထိနှစ်ပေါင်းများစွာ
ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်။

ထိုနိုင်ငံတို့တွင်ထေရ၀ါဒဘာသာ အားကောင်းစွာပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏   ဘာသာရေး    အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင်  အမွှေးတိုင် ထွန်းခြင်း  သေသူအား ရည်စူးကာ   စက္ကူများအား
မီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်
မှာတော့ ဂျပန်နိုင်ငံကစပြီးရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ဂိုဏ်းဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊    တချို့သက်သက်
လွတ်စားတယ်၊ တချို့က မစားကြဘူး။

ဒါကြောင့် ယခုအချိန်မှာကိုးရီးယား  ဂျပန် ဘုန်းကြီးတော်တော်များများဟ  အိမ်ထောင်ရှိကြ
တယ်၊အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါ
တယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့   မဟာယာနဘုန်းကြီး
တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊  ဒါကြောင့်   သူတို့ကတော့   နည်းနည်း
သန့်ရှင်းသေးတယ် လို့ ယူဆရမှာပါ။

သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊   ဒါကလဲ     ဘုရားရှင်လက်ထက်
တော်အခါကတည်းက အရှင်ဒေ၀ဒတ်ကတောင်းဆု ငါးပါးထဲမှာရဟန်းတော်များ  သက်သက်
လွတ်စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့်     ဘုရားရှင်က 
ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက    အဓမ္မ၀ါဒကနေ     ဆင်းသက်လာတာမို့ အယူဝါဒ
တော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

                         လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒဘာသာတွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန)သာဝကလောင်း ယာန၊ဖြင့်ကူးမြောက်ခြင်း ဆိုပြီးတူညီသော
အမျိုးအစားများ တွေ့ရသည်။

               ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။


Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between

Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးကလက်မခံကြပေမယ့် ကွဲပြားချက်ကတရားတော်တွေ    မဟုတ်ဘဲ 
ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ   ထားတဲ့    သဘောထား
ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာရဟန္တာ
ဖြစ်ဖို့ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့်ဘုရားလောင်း  ဗောဓိသတ္တကျင့်စဉ်
ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကိုလွတ်မြောက်ရာသစ္စာတရားကိုမသိသေးတဲ့ ပုထုဇဉ်မို့မကိုးကွယ်
သေးပေမယ့် ၊မဟာယာန မှာတော့ကိုးကွယ်စရာဗောဓိသတ္တတွေ များပါတယ်။ဘုရားလောင်း၊
ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ဓမ္မစကြာနှင့်ဝိပဿနာတရားတော်ကို နာဖူးပါတယ်၊ မဟာယာန
အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို   မျက်မှောက်
ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန်လျှော
ကျသွားတယ်။ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ပြီးမှဘုရားဆုပန်ပြီးဘုရားဖြစ်ဖို့ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒမှာတော့ မဟုတ်ဘူး -ပုထုဇဉ်ဘ၀ကနေ သောတာပန်၊သကဒါဂါမ်၊အနာဂါမ၊ရဟန္တာ
အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊    သူ့အတွက် 
ဒီဘ၀  ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊    ဘုရားဟောထားတဲ့     စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည်   ဘယ်လိုအကြောင်း
     ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ်
     ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊                           
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင်   နောက်ထပ် ကျင့်ကြံစရာ လုံးဝ
     မရှိတော့ဘူး - တဲ့။
      
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊  အသစ်
ထပ်တိုးလိုက်နဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တာမို့  ဘယ်တရားက    ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။


စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula        ဒေါက်တာ
ဝါလ်ပိုလ်လာရာဟုလာရဲ့အမြင်များကိုလည်း ဒီနေရာမှာ http://www.kusala.org/udharma3/theramaya.htmlလေ့လာနိင်ပါသေးတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင်.သည်ထင်၍ ပြန်လည်မျှဝေခြင်းသည်ဖြစ်ပါသည်။

( facebook စာမျက်နှာ  Mgmg(general knowledge) မှကူးယူဖော်ပြပါသည်။)

Friday, September 7, 2012

ကျေးလက်နှင့် သာသနာ



``ဦးဇင်း ၊ တပည့်တော်ကို ၀ါးတစ်လုံးလောက်စွန့်ပါဦးဘုရား´´
``ဟာ ၊ ဘယ်လိုလဲ ၊ ဗေဒင်ဆရာကလွှတ်လိုက်တာဘဲလား´´

ကြုံခဲ့ရပေါင်းများနေပြီဖြစ်တဲ့အတွက်    ထိုကဲ့သို့   မေးလိုက်ခြင်းဖြစ်ပါသည်။    ဟုတ်ပါတယ်။
တော်တော်များများကိုကြုံခဲ့ဖူးတာပါ။     ယတြာချေကြတာလေ။   ကျောင်းမှာရှိတဲ့ ရွက်လှပင်၊
သီးပင်း ၊   ဒန်းပင် ၊   အုန်းလက်တော်တော်များများ ဘုန်းကြီးရဟန်းများနှင့်မခြား  အပင်တိုင်း
ဂတုံး တွေဖြစ်ကုန်ပြီ။

ခုလဲ လာပြန်ပြီ။      ၀ါးတစ်လုံးလောက်စွန့်ပါတဲ့။         တစ်ခါတစ်လေစဉ်းစားမိပါသေးတယ်။
သစ်တောဦးစီဌာနကို    တိုက်ရိုက်ဆန့်ကျင်နေတာ ဗေဒင်ဆရာတွေများဖြစ်နေမလားလို့လေ။
မဆီမဆိုင်ပေါ့။    အရင်တစ်ခါကလဲ ဒကာတစ်ယောက်    သူ့အမေ အသည်အသန်ဖြစ်နေတဲ့
အတွက် ယတြာချေရမယ်ဆိုလို့ ကျောင်းကိုဝါးလာတောင်းတာ။

သာမန်ဝါးတွေဆိုရင်မဆန်းပါဘူး။အခုသူလိုချင်နေတာက ကျောင်းရှေ့မှာအလှစိုက်ထားတဲ့ဝါး
ရွာဘက်  အခေါ်ဆို(၀ါးမင်းပင်)ပေါ့။ အဆစ်တွေကဖုဖုထစ်ထစ်လေးတွေနဲ့တော်တော်လေးကို
ကြည့်လို့ကောင်းတာပါ။      သူ့အမေက အသက် ( ၃၇ ) နှစ်ဆိုတော့   အဆစ်ပေါင်း ( ၃၇ )
ဆစ်ပါတဲ့ ၀ါးကိုရမှဖြစ်မှာဆိုလို့ တကယ့်လှပေဆိုတဲ့ ၀ါးကိုမှ ရွေးခုတ်သွားပါလေရဲ့။

သြော်    လူတစ်ယောက်ရဲ့       အသက်တစ်ချောင်းအတွက်ပဲလို့သာ       ယူဆလိုက်ရတာ
ယတြာချေခိုင်းတဲ့        ဗေဒင်ဆရာကိုတော့        နည်းနည်းထုထောင်းလိုက်ချင်သေးတယ်။
ဒါပေမဲ့ လာတောင်းတဲ့လူကိုဘဲ ပြောလိုက်မိပါတော့တယ်။

`` အလကားရတဲ့ ပစ္စည်းနဲ့ ယတြာချေတာ အလကားဘဲဖြစ်မယ်´´ လို့ပေါ့။

တစ်ခါတစ်လေ စဉ်းစားမိတော့လဲ။ တောသူတောင်သားတွေ ဘာသာရေး ဗဟုသုတအားနည်း
နေတာကို တွေ့ရတော့    စိတ်မကောင်းဖြစ်မိပါတယ်။       မိရိုးဖလာတွေက များနေတာကိုး။
ဒါဟာ   သာသနာပြန့်ပွားမှုအားနည်းနေတာကို   မီးမောင်းထိုးပြနေတာဘဲလို့များ စဉ်းစားမိတဲ့ သူတွေများများပေါ်ပေါက်လာပါစေဟုသာ အကြိမ်ကြိမ် အခါခါ ဆုတောင်းမိပါတော့တယ်။

ယခု ၀ါးတောင်းတဲ့ ဒကာကိုလဲ ယတြာချေဖို့ဘဲထင်လို့မေးလိုက်ပါတယ်။      ဒီတော့မှသူက-

`` မဟုတ်ပါဘူးဘုရား ၊ တပည့်တော်        အလုပ်ပိတ်တဲ့ရက်       အိမ်မှာနေရတာပျင်းလို့
    ငါးမျှားချင်လို့ပါ´´

ကိုင်းဗျာ။ ကဲ ဘာတတ်နိုင်သေးလဲ၊ ဘုန်းကြီးကျောင်းမှာလာပြီး  ငါးမျှားတံလာအလှူခံနေတာ။
ဒါဟာ ကလေးတစ်ယောက်လဲမဟုတ်တော့ဘူး။ သားမယားနဲ့ အိမ်ထောင်သည်တစ်ယောက်။
ကျေးလက်တောရွာတွေမှာ ရွာဦးဘုန်းတော်ကြီးကျောင်းတွေကတော့ရှိပါရဲ့။သာသနာတော်ရဲ့
ရေသောက်မြစ်က မဆင်းသက်နိုင်သေးသ၍ ငါးမျှားဖားရိုက် လေးခွတစ်လက်နဲ့ငှက်လိုက်ပစ်
နေတဲ့ အကျင့်တွေရှိနေဦးမည်သာ။

ကျောင်းသားဗလာ ကိုရင်မရှိတဲ့ တောရွာက ကျောင်းတွေမှာ သာသနာ့မျိုးဆက် ဘယ်လိုများ
ထွက်ပါလိမ့်မလဲ။  သားသမီးမမွေးတဲ့အမျိုးသမီးများကို   အမြုံမလို့ခေါ်သလို မျိုးဆက်သစ်တို့
မပေါက်ဖွားနိုင်တဲ့ ကျောင်းတော်ကြီးကို ဘယ်လိုများနာမည်တပ်ကြပါမလဲ။

``ကျောင်းတော်ကြီးက ကြီးလိုက်တာ မျိုးဆက်မရှိပါ။
   သာသနာပြန့်ပွားရေး  တောရွာများကို   ဦးစားပေး။
   ကျောင်းသားကိုရင် မရှိလျှင် မျိုးဆက်ပြတ်မည်ပင်။
   ကွယ်မည့်အရေး စဉ်းစားပေး ကိုရင်ကျောင်းသားမွေး။
   ဒါမှ နောင်ရေး စိတ်မှာအေး သာသနာတွက် ၀န်မလေး။´´


အနာဂတ်မျိုးဆက်သစ်ဖြစ်လာမည့် သားသမီးတွေရဲ့ ဖခင်တွေဟာ မိမိအားလပ်ချိန်ကို အဲလို
ဖြုန်းတီးနေမယ်ဆိုရင် စဉ်းစားလို့သာကြည့်ကြပါတော့။

ဒီလိုဆိုရင် အနာဂတ်ဆိုတာ ဘာလဲ။ တစ်ခြားဝေးဝေးတွေးနေစရာမလိုပါ။ ပြောင်းပြန်လေး
တွေးကြည့်လိုက်ပါဦး။

`` အနာဂတ်ဆိုတာ အနက်ကာထားတာဘဲ´´

အနက် (အမည်း) ကာထားတော့ ဘာမှတွေ့နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သာသနာ့
ခေါင်းဆောင်တိုင်း `ကျေးလက်နှင့် အနာဂတ်သာသနာ´ကိုမေ့ထားလို့မရနိုင်ပေ။  တစ်ခြား
ဘာသာဝင်တွေကသူတို့ဘာသာရေးကို ကြိုတင်တွက်ဆပြီး အားကုန်သုံး၍ ရုန်းနေတဲ့အချိန်
တွေမှာ မိမိတို့ ဗုဒ္ဓဘာသာ ရွှေမြန်မာများက ဗျာများနေတုန်းပင်။

ဟိုဟာလိုလို ဒီဟာလိုလို ဟိုဟာဆိုလား ဒီဟာဆိုလားဖြစ်မနေသင့်တော့ပေ။ တကယ်တော့
`ဆိုလား´တော့ `ဆားလို´ ၊ ဆားလိုတော့ `ပေါ့´၊ ပေါ့တော့ `ပေါလောပေါ်´ ပေါလောပေါ်
တော့ `အနှစ်မရှိ´၊ အနှစ်မရှိတော့ `အလကား´၊ အလကားဆိုတော့ `တန်ဘိုးမရှိ´ တန်ဘိုး 
မရှိတော့ `ဘယ်သူကမှ အလေးမထား´။

နောက်တစ်ချိန် ထိုကဲ့သို့ကိန်းမျိုးဆိုက်သွားနိုင်လေ၏။ အနှစ်ကိုမမြင်နိုင်တော့ပေ။

ဘာသာရေးပွဲအခမ်းအနားရှိလို့သာ`နမော တဿ´ သုံးကြိမ် ရွတ်ဆိုဖူးပါသည်။ ဘုရားရှေ့မှာ
ထင်ရာလုပ်။ သာသနာကို ဂုတ်သွေးစုပ်နေသော   လူတစ်ချို့ကလဲ ခေါင်းပေါင်းစတစ်လူလူနဲ့
သူ့ကိုသူ သာသနာပြုနေသူဆိုတာတွေက အများသားလား။ ခက်တော့ခက်သား။

`သံကိုသံဖျက် သံချေးတက်´ နေတာတွေကလဲပေါလှပါဘိနဲ့။ သာသနာကို သူတို့တစ်သက်
စာလောက်ဘဲ ထင်မှတ်ထားနေတာလားတော့ မပြောတတ်ပေ။

နိုင်သလောက်ဝိုင်းကူပြီးတွန်းနေသူကို ဖြိုတယ်ထင်တာကလဲရှိသေးတယ်။ `ဗုဒ္ဓသာသနံ စိရံ
တိဋ္ဌတု´ရွတ်နေရုံလောက်နဲ့ သာသနာတည်နေပြီဟုများ ထင်နေလားမသိပေ။

``တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်´´

မိမိကိုယ့်ကျိုးအတွက်လုပ်နေတာမဟုတ်။ သာသနာအတွက်   အနစ်နာခံလုပ်နေတာဆိုလျှင်
မဖြစ်ဟူသမျှ မရှိလောက်အောင်ကို    အဆင်ပြေလှပါသည်။         အဘယ့်ကြောင့်ဆိုသော်
သာသနာကို ဗန်းပြ၍ လုပ်စားနေသူတစ်ချို့ပင် အဆင်ပြေနေသောကြောင့်ဖြစ်ပါသည်။

ကျေးလက်နှင့်သာသနာသည် ဝေးကွာကောင်းသောအရာမဟုတ်။   ကျေးလက်မှသည် မြို့ပြ
ဆီသို့ ရောက်ရှိသွားသည်ကများ၏။

`အမှိုက်ကစ ပြသာဒ်မီးလောင်´ဟူသောစကားကိုသေချာတွေးကြည့်ပါ။ ဘာသာခြားတို့သည်
ထိုနည်းဖြင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို လောင်မြိုက်ဝါးမျိုနေကြလေတော့၏။   တောရွာ
ဇနပုဒ် များမှာ ဘာသာရေးအသိဥာဏ်ကအားနည်း ဘာသာခြားကစွဲဖြင့်    တဖြည်းဖြည်းချင်း
ဧရိယာကျဉ်းလာနေသည်ကို သတိထားမိဖို့လိုပါသည်။


ဘာသာရေးသည် အသက်ကြီးသောအဖိုးအဖွားတို့သာလုပ်သင့်သည်ဟု ထင်မှတ်နေခြင်း၏
အဓိကအကြောင်းရင်းမှာ အဘယ်ပါနည်း။

စေ့စေ့တွေးက ရေးရေးမြင်နိုင်ပါသည်။ တစ်ချို့ကျေးရွာများဆိုလျှင် ရှေးဟောင်းကျောင်းအို
ဘုရားပြို ဘုရားပျက် များစွာရှိသော်လည်း  သမိုင်းဝင်မှတ်တိုင်အဖြစ် အသိမှတ်ပြုသူထက်
ဂျိုးထောင် ငှက်ထောင် အပေါ့အပါးစွန်တဲ့ချောင်  တစ်ခုအဖြစ်သာ    ပြုလုပ်နေကြသည်မှာ
အလွန်တရာမှ စိတ်မကောင်းဖြစ်စရာကောင်းလှပါတော့သည်။ ၀မ်းနည်းဖွယ်ကောင်းပေစွ။

ဘာသာရေး  သွေးအေးနေကြသည့်အတွက်  ပြိုပျက်ကျခဲ့ကြသော သာသနိကအဆောက်
အဦးတို့မှာ မြောက်များစွာရှိနေသည်ကို သတိပြုမိဖို့လိုပါသည်။

သာသနာမတည်သေးသော  နေရာများကို  သာသနာရောက်ရှိလာအောင် တည်လာအောင်
ဆောင်ရွက်ရခြင်း ၊  သာသနာတည်နှင့်နေပြီးသောနေရာများကို    ရေရှည်တည်တန့်အောင်
ဆောင်ရွက်ရခြင်းသည် သာသနာ့ဝန်ထမ်းတိုင်းမဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်
ကိုမေ့ထား၍မရပေ။

                                                      ကလေးတရားပွဲ

 သာသနာနှင့်စပ်ပြီးပြောရလျှင်

၁။ သာသနိကအဆောင်အဦး
၂။ သာသနာ့ဝမ်ထန်း
၃။ သာသနာ
ဟုသုံးမျိုးကို ကွဲပြားစွာသိထားဖို့လိုအပ်ပါသည်။

သာသနိက အဆောက်အဦးဆိုသည်မှာ စေတီ ၊  ပုထိုး ၊ ဘုရား ၊ ကျောင်း ၊ ကန် ၊ ဇရပ်
စသည့် သာသနာနှင့်သက်ဆိုင်သော အဆောက်အဦးများကို ဆိုလိုပါသည်။

သာသနာ့ဝမ်ထန်းဆိုသည်မှာဘုန်းကြီး ၊ ဦးဇင်း ၊ ကိုရင် ၊ သီလရှင်( ရဟန်း ၊ သာမဏေ)
ဖိုးသူတော်၊သာသနာတော်ကို ပြန့်ပွားအောင်ဆောင်ရွက်နေကြသောလူပုဂ္ဂိုလ်များစသည်
ကိုဆိုလိုပါသည်။

သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓ၏ ဒေသနာတော်များဖြစ်ပါသည်။

သို့ဆိုလျှင် ကိုရင် ဦးဇင်းတွေပေါများလာရုံ ၊     သာသနိကအဆောက်ဦးတွေပေါများလာရုံနှင့်
ဒီမြို့ ဒီရွာမှာ သာသနာတည်နေပြီဟုပြောမရပေ။

အကြောင်းမှာမူ သာသနိကအဆောက်ဦးထဲတွင်   သာသနာနှင့်မအပ်စပ်သောအမှုများပြုလုပ်
နေကြခြင်း ၊ သင်္ကန်းတည်းဟူသော   အရေကိုခြုံထားပါသော်လည်း ရဟန်းတော်များနှင့်မသင့်
လျော် မလျှောက်ပတ်သောအမူအရာတို့ဖြင့် သာသနာဖျက်နေသော မသမာသူများရှိနေသော
ကြောင့်ဖြစ်ပါသည်။

အကုသိုလ်များစွာဖြင့် ဘ၀ရှင်သန်မှုကို ဆောင်ရွက်နေကြသော လူသားတို့အား ဖြစ်နေနှင့်ပြီး
သောအကုသိုလ်များ ဆက်လက်မဖြစ်အောင် ၊  မဖြစ်သေးသော အကုသိုလ်များကို မလုပ်ဖြစ်
အောင် ၊ မလုပ်ဖြစ်သေးသော ကုသိုလ်တရားများ ပြုလုပ်ဖြစ်လာအောင် ၊ ပြုလုပ်ထားပြီးသော
ကုသိုလ်တရားများ ဆက်လက်တိုးပွားလာအောင် ပြုမူဆောင်ရွက်စေခြင်း ၊    ယဉ်းကျေးလိမ္မာ

စေသောမင်္ဂလာတရားတော်များကျင့်သုံးစေခြင်း စသည်စသည်အမှောင်မှသည်အလင်းဆီသို့
ရောက်ရှိစေနိုင်သောမြတ်ဗုဒ္ဓ၏ အဆုံးမများကိုလူသားတို့နှလုံးသားသန္တာန်တွင်တည်စေနိုင်မှ သာလျှင်တကယ်စစ်မှန်သော သာသနာတည်မည်ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့်ပြောရလျှင်   သာသနာ၏     မျိုးဆက်အရှင်မြတ်တို့သည် နိုင်ရာဝန်ကိုယ်စီ
ထမ်းလို့ လာလမ်းကို ( မိမိတို့မွေးဖွားရာ ဇာတိ ) ကြွမြန်းပြီး စွမ်းနိုင်သမျှ      သာသနာမျိုးစေ့
ပြန်လည်ချထားမှသာလျှင်      ကျေးလက်တောရွာ သာသနာသည် စည်ပင်လာပြီး သာသနာ
မျိုးဆက် (သို့ )    သာသနာနှင့်နီးစပ်သူများ    ကုသိုလ်ပွား၍ အနာဂတ်ကမ္ဘာ့အလယ်မှာ ၀င့်
ထည်သော ဘာသာတရားတစ်ခု အဖြစ်ဆက်လက်တည်ရှိနိုင်မည်ဖြစ်ပါကြောင်း   .. …။