Friday, January 27, 2012

စိတ်ဓာတ်မြှင့်တင်ရေး


ဆင်းရဲမွဲတေမှု ပပျောက်ရေးကိုလောကရေးရာဘက်က ဘယ်လိုဘဲ အကောင်ထည်ဖော်ဖော်
ဓမ္မရေးရာနဲ့ တူညီမှုမရှိသေးရင်တော့    ထိုစီမံကိန်းသည် ရုပ်ဝတ္ထု၏    တိုးတက်ရေးသို့သာ
ဦတည်နေပြီး စိတ်ဓာတ်ရေးရာ    ကျဆင်းရခြင်းဟူသော    ဆိုးကျိုးရလဒ်ကိုပင် ပိုင်ဆိုင်သွား
နိုင်လေ၏။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလိုက်ပြီး လူနေမှုဘ၀အဆင့်တန်း မည်သို့ပင်ပြောင်းလဲစေကာမူ
စိတ်ဓာတ်၏ အသိတရားဖြင့် ထိမ်းကွပ်ခြင်းမရှိလျှင်တော့ အသိအမြင်မှောက်မှားကာ ဘဝ
သံသရာကိုပင် အန်တုချင်လာတတ်လေ၏။ ထိုအချိန်သည် မာန်မာနတရားတို့၏ ကြီးစိုးမှု
အထွက်ထိပ်သို့ရောက်သွားနိုင်သော အခြေနေဖြစ်သွားသဖြင့် ဖျောင့်ဖျ နားချရခက်ခဲသော
အနေအထားသို့ မလွဲမသွေ ဧကန်ရောက်ရှိသွားပေတော့၏။

ထိုအခါ အသိတရားတို့သည် ငွေကြေး၏ သိမ်းသွင်းဆွဲဆောင်ရာသို့ မသိမသာလိုက်ပါ
သွားတော့၏။   ဒေသနာက ၄င်းအချိန်ကို ` ဆုပ်ကပ်´ ဟုသတ်မှတ်ထားသောအခါဖြစ်
သည်ကိုလည်း    သတိထားမိသူ နည်းပါးနေသဖြင့် ဂုဏ်ကြီးသူတို့၏ လုပ်ရပ်သည်သာ
ဟုတ်သည် မှန်သည် ဟုထင်မှတ်နေတော့မည်သာဖြစ်၏။

အမှန်အားဖြင့် အဆုံးမတရားတော်တို့၏တည်နေရာအစစ်ကား နှလုံးသားမှာသာဖြစ်သည်။
သို့သော် ပါစပ်ဖျားတွင်သာ လမ်းဆုံးနေသဖြင့် တိကျသောအကျိုးသက်ရောက်မှုကိုမခံစား
ရခြင်းဖြစ်ပါသည်။

ဘ၀ကံအကျိုးပေးမကောင်းသူတို့သည် အားကိုးရာအဖြစ် တစ်စုံတစ်ခုကိုရှာဖွေကြသော
အခါ အသိတရားအားကိုးပြီး စစ်မှန်သော ဓမ္မကို ရှာဖွေသူတို့ကား   မရှိသလောက်နည်း
ပါးကြသည် ကိုမျက်မှောက်လောကတွင် ထင်ရှားစွာတွေ့မြင်နိုင်လေ၏။

ကောင်းကံသည်သာ ကောင်းကျိုးကိုပေးတတ်၏၊ ကောင်းရာဘ၀သို့ ရောက်အောင်ပို့ဆောင်
တတ်၏ ဟူသော ဓမ္မအလင်းတန်းကို ထွန်းညှိထားသော်လည်း    အသိဥာဏ်အမြင်ကန်းနေ
သော သူတို့အတွက် မည်သို့မျှ မြင်နိုင်ဖွယ်မရှိတော့ပေ။

ထိုသို့ ဓမ္မအသိ အမြင် မရှိသောသူတို့အတွက် စစ်မှန်သောချမ်းသာ၏ ဝေးရာသို့ ရောက်
သွားသောအခါ စည်းစိမ်ဥစ္စာ ပေါများသလောက် ထိုသူအတွက် စိတ်မချမ်းမြေ့မှုတို့သည်
မိမိပိုင်ဆိုင်ထားသော ငွေကြေးတို့ဖြင့် ၀ယ်ယူထားသည့်အလား တိုးပွားလာမည်ဖြစ်၏။

ဘ၀၏ အေးချမ်းမှုသရုပ်ကိုဖော်ဆောင်ရာတွင် ငွေကြေး ဂုဏ်ပကာသနသည် တစ်ခဏတာ
နှစ်သိမ့်မှုကိုသာပေးတတ်၏။ လောဘ၏ အခိုးအငွေ့သည် ချမ်းသာသည့်အသွင်ကိုဆောင်
ထားသဖြင့် လူသားအားလုံး၏ ပန်းတိုင်ဟုမှတ်ထင်တတ်ကြလေ၏။ ထို့ကြောင့် ရအောင်
တိုးပွားအောင် လူသားတိုင်းကြံဆောင်နေကြလေ၏။ တကယ်တမ်းသိရှိလာသောအခါတွင်
ဆေးလွန်သောအနာ ဖြစ်နေသူက များနေတော့၏။      ဆေးရှိသော်လည်း သောက်ဖို့ရန်
တွန့်ဆုပ်နေသောအဖြစ်သို့ရောက်ရှိသွားတတ်လေ၏။ လုံးဝပျောက်ကင်းနိုင်သော အခြေ
အနေ မပေးသော်လည်း သက်သာမှု တစ်စုံတစ်ရာကို ပေးစွမ်းနိုင်သောအဖြစ်ကိုရောက်ရှိ
နိုင်သည်ကို သတိပြုမိလျှင် အချိန်မှီသေးသည်ဟုသာ။

ထို့ကြောင့်တိုးတက်မှုသည် အသိမြင် ဓမ္မ၏ ထိမ်းကွပ်မှုအောက်က ရုံးထွက်လို့ မရနိုင်
သည်ကို ထင်ရှားပေါ်လွင်သော သာဓကတို့ဖြင့် ထုပ်ဖော်ပြရလျှင် -  -

သုပ္ပဗုဒ္ဓ နူနာသည်ကိုပင် ဦးစွာ တင်ပြရပေမည်။ သူ၏တစ်ကိုယ်လုံးတွင် နူနာရောဂါများက
နေရာယူထားကြသည့်အတွက်       လောကအလယ်တွင် အကျည်းတန်နေရသောလူသား
တစ်ဦးဖြစ်လေ၏။ လူရာမ၀င်သည့်အတွက် ဘ၀တွင်အပါယ်ခံဖြစ်ရသည်မှာ မထူးဆန်းပေ။
သူသည် အိမ်စဉ်လှည့်လည်ပြီး တောင်းစားခါ ဘ၀ကိုရပ်တည်နေသူလည်းဖြစ်လေ၏။

ဘ၀အခြေနေမပေးသည့်အတွက်  တောင်းစားနေရစေကာမူ ဓမ္မအသိကိုရှာဖွေရန်အတွက်
စိတ်ဓာတ်ခွန်းအားကို အမြဲတမ်း တွန်းကန်အားပေးရင်း အခါ အခွင့်ကို စောင့်စားနေလေ၏။
တစ်နေ့သောအခါ ဘုရားရှင် တရားဟောသည်နှင့် ကြုံကြိုက်သဖြင့်  အစွန်အဖျားကျသော
တစ်နေရာက နေလျှက် တရားနာယူလေ၏။

ဒေသနာနိဂုံး ဆုံးသွားသောအခါ သောတာပန်တည်သွားလေတော့၏။    သောတာပန်ဟူ
သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကင်းကွားသော လူသားဟု စာတွင် အဆိုရှိပါသည်။ ( မှားယွင်းသော
စွဲလမ်းမှု ကင်းသူ ၊ ယုံမှားသံသယ မရှိသူ ဟု အဓိပ္ပါယ်ရပါသည်)

ထင်မြင်လွယ်အောင် ပြောဆိုရလျှင် သောတာပန်ပုဂ္ဂိုလ်များသည် ရတနာ (၃ ) ပါးကို
အသက်ထက်ဆုံးကြည်ညိုသူ ၊ ငါးပါးသီလကို ဘယ်သောအခါမှ ဖျောက်ဖျက်မှုမရှိဘဲ
ခါဝတ်ပုဆိုးကဲ့သို့ အမြဲထာဝရ တည်ရှိအောင် စောင့်ထိမ်းသူဖြစ်၏။

ထိုစကားကို ထင်ရှားပေါ်လွင်စေသော အခန်းတစ်ခုပါရှိသေး၏။     သုပ္ပဗုဒ္ဓသည် မိမိ၏
သောတာပန်ဖြစ်ကြောင်းကို ဘုရားရှင်ထံ သွားရောက် လျှောက်ထားလိုသဖြင့် ( ဘုရား
ရှင်ဟောပြတော်မူသော တရားတော်ကို စူးစိုက်စွာနာယူသဖြင့် ခန္ဓာကိုယ်၏ စွဲလမ်းစရာ
မဟုတ်တာကို အမှန်တကယ် သူမြင်သည့်အတွက် ) သွားရောက်လျှောက်ထားလိုသော
ကြောင့် တရားနာပရိသတ်များ ပြန်သွားသောအခါ ဘုရားရှင်ရှိရာသို့ ထွက်လာခဲ့လေ၏။
ဘုရားရှင်ထံသို့ မရောက်ခင် သူ၏ ဘာသာတရားပေါ်မှာ သက်ဝင်မှုကို စမ်းသပ်ခံရသော
အခြေနေတစ်ရပ် ပေါ်ပေါက်လာလေ၏။    ထိုသူကား တစ်ခြားမဟုတ် နတ်တို့သေဌ်နင်း
သိကြားမင်းဖြစ်၏။

``အမောင် သုပ္ပဗုဒ္ဓ သင်သည် ဆင်းရဲမွဲတေ သောလူဆင်းရဲတစ်ဦးဖြစ်၏ ၊ ငါပြောခိုင်းသော
   စကားကို သာ သင်ပြောမယ်ဆိုရင်      သင့်ကိုချမ်းသာသွားအောင် ငါလုပ်ပေးနိုင်၏၊ သင်
   သည် ဘုရားရှင်ဟာ    အမည်ခံသာဖြစ်တယ် တကယ်မဟုတ် ၊ တရားတော် ဆိုတာကလဲ
   တကယ်ကိလေသာငြိမ်းကြောင်းမဟုတ် ၊  သံဃာတော်ဆိုတာကလဲ တကယ်စစ်မှန်သော
   သံဃာမဟုတ် ၊ ထိုဘုရား တရား သံဃာ ကို ကိုးကွယ်ဆည်းကပ်သဖြင့်ဘာမျှ အကျိုးမရှိ´´
ဟု ပြောခိုင်းသောအခါ သုပ္ပဗုဒ္ဓသည် သိကြားမင်းကိုပင် တုဘက်ပြိုင်ကာ ပြောဆိုပြီး ငေါက်
ငန်းခဲ့ဘူး၏။

စစ်မှန်သော အသိတရားများ နှလုံးသားတွင်း စီးဆင်းဝင်ရောက်လာသောအခါ အဓမ္မများကို
လွယ်ကူစွာ ချေဖျက်နိုင်စွမ်းရှိ၏။ တန်ခိုး သြဇာ အရှိန်ဝါကြီးသောသူများကပြောဆို ပါသော်
လည်း ဓမ္မအသိတရားပေါ်တွင် ခိုင်မာစွာ ရပ်တည်လျှက်    တုဖက်ကာ ပြောဆိုနိုင်သည်ကို
ထူးဆန်းစွာ တွေ့မြင်နိုင်လေ၏။

ထိုအကြောင်းအရာနှင့်ပတ်သတ်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကအောက်ပါအတိုင်းမှတ်ချက်
ပေးထားလေ၏။

``ထိုကဲ့သို့ အသိတရားခိုင်မာပြီးသော    သူတစ်ယောက်ကို သိကြားမင်းကဲ့သို့ တန်ခိုးရှင်
   ပေါင်း ထောင်သောင်းမက ဆွဲဆောင်ကြလည်း တစ်ဆံချည်မျှင်မှ မရွေ့ရှားတော့ ´´ဟူ၏။

``စိတ္တေန   နီယတေ  လောကော ´´ဟူသော ပါဠိတော်အရ   စိတ်ကသာ လောကကြီးကို
ဦးဆောင်ထားသဖြင့် ကောင်းသောစိတ် ဦးဆောင်မှသာ      သဘာဝလောကကြီး တိုးတက်
စည်ပင် ပြန့်ပွားပြီး ထိုစိတ်၏ ထိမ်းချုပ်မှုအောက်တွင် ဖြစ်ပွားလာသောရုပ်ဝတ္ထု ဒြဗ်တို့လည်း
လောကအကျိုးပြု မည်ဖြစ်ပါကြောင်းကို ရေးသားတင်ပြအပ်ပါတော့သည်။

(စည်းစိမ်ဥစ္စာ ချမ်းသာမှု မပြည့်စုံခြင်းထက် စိတ်ချမ်းသာမှု မပြည့်စုံခြင်းကသာ အမှန်တကယ်
 ဆင်းရဲဖြစ်သဖြင့် ဆင်းရဲ အောက်တန်းကျနေသော စိတ်ဓာတ်တို့ကို တော်လှန်နိုင်မှသာလျှင်
မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်ဓာတ် ဆင်းရဲမွဲတေမှုကို ရည်ညွှန်းပါသည်)

Tuesday, January 24, 2012

ဘူ အချင်းချင်း တစ် လုပ်တဲ့သူ


``ခေါ  .  .  . ခလော .  .  .ခေါ .  . ခလော .  .  .ခေါ´´
``ခေါ .  .  . ခေါ .  .  . ခလော .  .  .ခေါ .  .  . ခလူး .  .  .ခေါ ´´
စာသင်တိုက်ဆိုတော့ ကြမ်းပြင်ပေါ်တွင် တန်းစီအိပ်ကြရသည်။ ကိုယ့်ဘေးမှာ အိပ်တဲ့ကိုယ်တော် နှစ်ပါးကလည်း ဟိုဘက် ဒီဘက် ပြိုင်ဟောက်နေသည့်အလား။ ကြားထဲမှာ
အိပ်ရသော ကျွန်ုပ်အဖို့ကတော့ အမြဲတမ်း သူတို့အရင် အိပ်တန်းဝင်ရလေ၏။ သို့မှသာ
အိပ်ပျော်ပါသည်။ အမှတ်မထင် တရေးနိုးသော ညများဆိုလျှင် စက်ရုံကြီးတစ်ခုနားသို့
ရောက်နေသည်နှင့်တူတော့၏။ ဟောက်သူက ဟောက် ယောင်ယမ်းအော်သူက အော်
သွားကို ကြိတ်သူက ကြိတ်နှင့် အသံမျိုးစုံလှသည်မှာ တကယ်မြန်မာ့သံစဉ်တွေကိုသာ
ကြားနေရလေ၏။

တစ်ရက်- -
ညနေဘက်တွင်  လဘက်သုတ်များစားမိသဖြင့် တော်တော်နှင့် အိပ်မပျော်နိုင်ပေ။
ထုံးစံအတိုင်း ည ( ၁၂ ) နာရီ ကျော်သည်နှင့် အသံစုံ မြန်မာတီးဝိုင်းကတော့ စတင်
လာပေပြီ။
`` ခေါ .  .  .ခေါ  .  .  . ခလော .  .  .  ခေါ ´´ (ဟောက်သံ)
``အား အင်း ဟာကွာ၊ အင်း  ´´ (ယောင်တာ)
``ကျစ် ကျစ် ကျစ် ´´ ( သွားကြိတ်သံ )
``အင်း  ပလပ် ပလပ် ´´ ( နှုတ်ခမ်းလျှက်သံ)
သူများတွေ အိပ်ကောင်းလေ ကိုယ်မှာတော့ အိပ်မလို့ စိတ်တိုလေ ဖြစ်နေ၏။
ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် အချိန်တွေကုန်နေပါတော့သည်။

`` တန် တန် တန် ´´
( ၃ ) နာရီ ထိုးပါပြီ အိပ်ချင်စိတ်တော့ နည်းနည်းဝင်စပြုလာပါသည်။ အရှိန်ရနေ
သော်လည်း ဘေးနားက ဟောက်သံကြောင့် ခဏခဏ ပျောက်သွားပါတော့သည်။
`` ဟုတ်ပြီ  ၊ ဟောက်နေတဲ့အချိန်မှာ တွန်းနှိုးလိုက်ရင် ခန္ဓာကိုယ် အနေအထား
    ပြောင်းသွားပြီး ဟောက်သံရပ်သွားလိမ့်မယ်´´
သူငယ်ချင်းဦးဇင်းတစ်ပါးပြောသော စကားကို ကြားယောင်လာမိသဖြင့် ဘေးက
ဟောက်သံပေး ဖျော်ဖြေနေသော ကိုယ်တော်နှစ်ပါးကို အနေအထားရွေ့သွားအောင်
တွန်းလိုက်ပါတော့သည်။           ထိုအခါ  `` အင်း  ၊ ဟင့် အင်း ´´ ဟုသာငြီးငြူပြီး 
ဟောက်သံ ရပ်သွားပါတော့သည်။

သို့မှသာ ကျွန်ုပ်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ပါတော့သည်။

`` ခေါ  .  .  . ခေါ .  .  . ခေါ .  .  . ခလော .   .   . ခူး  .  .  ခလော .  .  ခေါ ´´

Sunday, January 22, 2012

သောကချစ်သူများ


စာနာမှုသည် လူမှုဝန်းကျင်ကို စိုးမိုးထားသောအခါ ထိုလောကသည် သာယာခြင်း ပျော်ရွှင်ခြင်း 
တို့ဖြင့် အလှဆင်ထားလေ၏။ စာနာခြင်းများ ပျောက်ဆုံးသွားသောအခါတွင်မူ လိမ်လည်ခြင်း
လှည့်ပတ်ခြင်းတို့က နေရာယူလာကြသောကြောင့် အကျည်းတန်သောလောကကို
ဖန်းတီးသလိုဖြစ်နေတတ်၏။

မန္တလေးမြို့တွင် ရတနာပုံဈေးကြီး မီးလောင်သောအခါ လူသားတို့၏ စာနာခြင်းတရား
ကိုဖော်ပြသော ပြကွက်တစ်ခု ထင်ရှားစွာတွေ့ရှိခဲ့ဘူးလေ၏။ မီးဘေးဒုက္ခသည် တို့သည်
ထိုမီးလောင်မှုကြောင့် ပျာယာခတ် ဒုက္ခပင်လယ်ဝေနေချိန်တွင် အခွင့်ရေးကိုစောင့်ပြီး
အမြတ်ထုတ်သူတစ်ချို့က ထိုအဖြစ်ပျက်သည်ပင် ထိုသူတို့၏ စားဝတ်နေရေးကို ဘုရား
သခင် ဖန်ဆင်းပေးသည့်အလား။

ခါတိုင်းတွင် ပုံမှန်ဈေး ( ဆိုက်ကားခ) ၂ ရာတန်ခရီးကိုပင် လူသားများဒုက္ခရောက်နေသော
ထိုအချိန်တွင် စာနာမှုကင်းစွာဖြင့်  ၂ ထောင် ၃ ထောင် စသည်  ပိုတောင်းကာ စီးပွားရှာ
နေကြသည်ကိုတွေ မြင်နေရပေ၏။

ဘုရားလောင်း ပညာရှိသူတော်ကောင်းတို့သည် ဒုက္ခရောက်နေသူများကို အသက်ပေးခါ
ကယ်တင်ခဲ့ဘူးကြောင်းကို နိပါတ်ဇာတ်တော်တို့တွင် ထင်ရှားစွာ တွေ့မြင်နိုင်လေ၏။
ကြည်ညိုဖွယ်ကောင်းလှပေ၏။

ဘုရားရှင်သာသနာတော် ထွန်းကာရာ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သော
မန္တလေးရွှေမြို့တော် သည် သင်္ကန်းရောင်တထိန်ထိန် ထွန်းရှိန်တောက်ပပြီး သာကီနွယ်ဖွား
ရဟန်းတော်များပေါးများလှသဖြင့် မြတ်ဘုရား၏ တရားတော်တို့ ပျံ့ပွားရာ ပင်မဌာနတစ်ခု
ဖြစ်လေ၏။

အံ့သြဖွယ်ကောင်းလေစွ။
ဒုက္ခရောက်သူများကိုမှီခိုပြီး ချမ်းသာကိုရှာဖွေတတ်သူတို့သည် ကိုယ်တိုင်ဒုက္ခနှင့်ကြုံတွေ့
လာသောအခါတွင် ထိုဒုက္ခသည်ပင် လောကမှာအကြီးဆုံးဟု ထင်တတ်ကြလေတော့၏။
လောက လူသားတိုင်း စာနာခြင်းတရားကို လက်ကိုင်ထားမည်ဆိုလျှင် ကမ္ဘာကြီးသည်ပင်
နားလည်မှုတစ်ခုဖြင့် လည်ပတ်နေမည် ဖြစ်သည့်အတွက် အေးချမ်းနွေးထွေးသောအရသာကို
လူသားတိုင်းခံစားကြရမည်မှာ မလွဲပေ။

ထို့ကြောင့် ယနေ့မှ စပြီး ဒုက္ခပေါ်တွင် တည်ရှိနေသော စိတ်မချမ်းမြေ့ဖွယ်ရာ သောကများကို
သုံးယူ စားသောက်ခြင်းမှရှောင်ကြဉ်ပြီးလျှင် စာနာခြင်းများကို ဖြန့်ဖြူးဝေငှ သုံးစွဲကြမည် ဆိုလျှင် သာယာလှပသော ဘ၀များကိုဖန်တီးနိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါလိမ့်မည်။

သာယာလှပသော ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်လိုသူတိုင်း မရှိမဖြစ်လက်ကိုင်ထားရမည့်
အရာများထဲတွင် ``စာနာခြင်း တရား´´ သည်လည်း အဓိက နေရာတွင်ပါဝင်နေသည့်
အတွက် လက်ကိုင်ထားပြီး လက်တွေ့ကျင့်သုံးရန်လိုအပ်နေပါကြောင်း ရေးသားတင်
ပြလိုက်ပါတော့သည်။

Thursday, January 19, 2012

ကောင်းလိုက်တဲ့ ဆု


နတ်မောက်မြို့ကို အလည်သွားရင်း ကြုံခဲ့တဲ့ တကယ့်အဖြစ်ပျက်လေးပါ။
အသိဒကာတွေ လိုက်ပို့ပေးတဲ့ အိမ်မှာ အာရုံဆွမ်းဘုဉ်းပေးပြီး စကားလေး နဲနဲပါးပါး ပြောရင်း  -  -

``ကဲ ဒကာမကြီး ဦးဇင်းတို့ သွားတော့မယ်၊´´ ဟု နှုတ်ဆက်လိုက်လေလျှင် ဒကာမကြီးက မျက်ရည်တွေကျပြီး
``ဦးဇင်းဘုရား ၊ တပည့်တော်အဖေကို သတိရလို့အရှင်ဘုရားကို  ငွေလေးနည်းနည်း
ပါးပါး လှူလိုက်ပါရစေဘုရား´´
ထို့နောက် ဒကာမကြီးသည် အရံသင့်ပါလာသော စာအိတ်တစ်အိတ်ကို ကပ်လှူပါသည်။
``အင်း ၊ ခုလိုလှူဒါန်းရသော အကျိုးအားကြောင့် ဒကာမကြီးလိုရာဆန္ဒပြည့်ဝပါစေ၊
   ဒကာကြီးလဲ ရောက်ရာဘ၀ ဘံဌာန ကနေ သာဓုခေါ်ဆိုပြီး ကောင်းရာမွန်ရာဘဝ
   ရောက်ပါစေဗျာ´´ ဟု ဆုပေးခါ ထိုအိမ်မှ ကားဝင်းသို့ထွက်လာခဲ့လေ၏။

လမ်းရောက်သောအခါ ဘေးက လိုက်ပါလာသော အသိတကာတစ်ဦးမှ - -
``ဟာ ၊ ဦးဇင်းက ဘယ်လိုဆုပေးလိုက်တာလဲဘုရား´´
``အော် ၊  သေသွားတဲ့ သူ့အဖေအတွက် လှူတာဆိုတော့လဲ ဒီလိုဘဲ ကောင်းရာ
   မွန်ရာရောက်အောင် ဆုတောင်းပေးလိုက်ရုံဘဲလေ ၊ ဒါမှ သူစိတ်ချမ်းသာမှာကိုးဗျ´´
``ဦးဇင်းကလဲ  သူ့အဖေက မသေသေးဘူး´´
`` ဗျာ ´´
`` ဟုတ်တယ်ဘုရား ၊ ရန်ကုန်မှာလေ နေမကောင်းလို့ ဆေးရုံတက်နေတာ´´
`` အော် ၊ မသိဘူးလေ ၊ သူကငိုနေတာဆိုတော့ - -´´
``ဟာ ၊ ဦးဇင်း ဆုပေးလိုက်မှ တပည့်တော်တို့ ကို မျက်နှာတွေပူသွားတာဘဲဘုရား´´
`` အားနာလိုက်တာဗျာ ၊ ပိုက်ဆံလဲ လှူရသေးတယ်  ´´

အလှူရှင် ဒကာမကြီးကတော့ ဘယ်လိုခံစားရမည်မသိပါ ၊ ဆုပေးလိုက်မိတဲ့ ဦးဇင်းကတော့
အသိတကာတွေ ကြားထဲမှာ ငိုရမလို ရယ်ရမလိုဖြစ်ပြီး အရှက်ပြေပြောလိုက်မိပါတော့သည်။

`` ဦးဇင်းက သိပ်ပြီး လူအကဲမခပ်တတ်ဘူးဗျ ၊ အဟဲ´´

Monday, January 16, 2012

ကြမ္မာလေလား


``ဟဲ့  ဂေါပက ဦးဘကျော်တစ်ယောက် သွေးအန်သေးသွားတယ်ဆို´´
``အင်း ၊ ဟုတ်တယ် ၊ အဲဒါ ကံကြီးထိုက်တာဘဲ´´
``ဟုတ်မယ် ဟုတ်မယ် သူကအမြဲတမ်း ဘုန်းကြီးစာချလုပ်နေတာ ၊ သူလောက်သိတဲ့
ဘုန်းကြီးမရှိဘူးနဲ့ ၊ ဘာညာနဲ့´´

စသည်ဖြင့် ရပ်ကွက်ထဲမှာ ထင်မြင်ချက်များကို ပြောဆိုနေကြလေ၏။
ဦးဘကျော်ကလဲ ဦးဘကျော်ပဲ ဟုပြောရမလို။ သမိုင်းဝင်ဘုရားတစ်ဆူတွင် ဂေါပက သာ
လုပ်နေသော်လည်း ရဟန်းသံဃာကို ရိုသေရကောင်းမှန်းမသိပေ။ ဘုရားဂေါပက ဖြစ်နေ
လို့သာတော်သေးတယ် ဟုပြောရလေမလား ဂေါပကဖြစ်လို ဒီလိုဖြစ်သွားတာဟုဘဲပြောရ
လေမလားဆိုတာတော့ သူကိုယ်တိုင်သာသိပါလိမ့်မည်။

ဖြစ်ပုံက ဒီလိုပါ။
တစ်ရက်မှာတော့ ဘုရားဘေးနားက စာသင်တိုက်ဆရာတော်များနှင့်စကားများခြင်းဖြစ်၏။
စာသင်သားများက စာမေးပွဲနီးနေသောကြောင့် စာကျက်နေရစဉ်တွင် ဘုရားပေါ်မှ ဟွန်း
(လော်စပီကာ ) ကြီး လေးလုံးဖြင့် အလှူခံလိုက် သီချင်းဖွင့်လိုက်လုပ်တာက စတင်စကား
များကြလေ၏။

ဂေါပက ဦးဘကျော်ကလည်း ဘုရားအတွက်လုပ်နေတာဘဲဟုဆိုကာ သံဃာတော်များကို
ဂရုမစိုက်ပေ။သို့ဖြင့် ကျောင်းထိုင်ဆရာတော်ဆီသို့ ကိုဘကျော် ရောက်လာပြီး ဆရာတော်
နှင့်တကွ နာယက ဆရာတော်များကိုပင် စိန်ခေါ်လေတော့၏။
``အရှင်ဘုရားတို့ ယောက်ျားတွေမဟုတ်လား ၊ ထွက်ခဲ့ပါ ၊ ´´
ကျောင်းထိုင်ဆရာတော်ကို လက်ညှိးထိုးပြီး  --  -  -  -
``ကိုယ်တော့် တပည့်တွေ ခေါ်လိုက်လေ၊ဘကျော်ဆိုတဲ့ကောင်က  လူမရွေးဘူး   နေရာ
   မရွေးဘူး´´

ကျောင်းထိုင်ဆရာတော်ကတော့ -  -  -  - 
``ဒကာကြီး  ၊ ဒေါသကိုထိမ်းပါ ၊ ဦးဇင်းတပည့်တွေဘက်က မှားနေရင် ဦးဇင်းတောင်းပန်
   ပါတယ်။ ဒကာကြီး စိတ်ကိုလျှော့ထားစမ်းပါ ၊ ပြော ၊ ဒကာကြီးက ဘယ်လိုဖြစ်ချင်လဲ
   အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပေါ့´´
ဆရာတော် ဘယ်လိုပြောပြော ဦးဘကျော်ကတော့ တောက် တစ်ခေါက်ခေါက်နှင့်။
``ဘကျော်ကို ဒီလိုလာစမ်းလို့မရဘူးကွ´´ဟုဆိုကာ ကျောင်းနံရံကိုပင် လက်သီးနှင့်
ထိုးလိုက်သေးသည်။

စာသင်သားသံဃာတော်များကတော့မကျေနပ်ပေ၊ ဆရာတော်သာမရှိလျှင် ဦးဘကျော်
တစ်ယောက်လွယ်မည်မထင်၊ ဆရာတော်က မေတ္တာရပ်ခံနေသောကြောင့် ပိုပြီး ကန်းတက်လာသည် ထင်၏။

ဒီလိုနှင့်  --  -  -  -  -
ထိုအကြောင်းကို တိုက်အုပ်ဆရာတော်နှင့်တကွ အခြားသော ကျောင်းထိုင်ဆရာတော်များ
လာရောက် ပြောဆိုမှသာ ထိုရန်ပွဲ ပြီးဆုံးသွားလေ၏။ ဆရာတော်လဲ မျက်နှာမကောင်းပေ
ညဘုရားဝတ်တက်သောအခါ
``အရှင်ဘုရားတို့ သည်းခံစိတ်မွေးကြပါဘုရား ၊   တပည့်တော်တို့ကသာသနာတော်အတွက်
ရပ်တည်နေကြတာကို သတိထားကြပါဘုရား၊      ဒေါသအားကြီးတဲ့လူကို သည်းခံပြီးအနိုင်ယူ
ဘို့ ဘုရားက နည်းပေးထားပါတယ် ၊     တပည့်တော်တို့       ဘုရားစကားနားထောင်ကြရင်
အန္တရာယ်ကင်းပါတယ်ဘုရား´´

ထို့နောက် (၃)လ ကြာသောအခါ
ကိုဘကျော်တစ်ယောက် သွေးအန်သေသည်ဆိုသောသတင်း ကြားရလေတော့၏။
အတိတ်ဘ၀က ၀ဋ်ကြွေးလေလားမပြောတတ်။ ပစ္စုပ္ပန်မှာတော့ သံဃာတွေကိုပြစ်မှားတဲ့
အတွက် ဂိုဏ်းသင့်တာဘဲလို့ဆိုသူဆို ၊ ကံကြီးထိုက်တာဘဲဟု ပြောသူကပြောနေကြလေ၏။

လူတစ်ယောက်အတွက် သေတာအဆန်းမဟုတ်ပေမဲ့ သေတဲ့အမူအရာကတော့ ထူးခြားနေသည်သာ ၊ ကိုဘကျော်တစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေလို့ဘဲ
ဆုတောင်းပေးလိုက်ပါတော့သည်။

Saturday, January 14, 2012

ဖန်တီးနိုင်သည့် ဘ၀များ


ဘ၀မှာ အားကျဖွယ် အတုယူဖွယ် မြောက်များစွာရှိပါသည်။ သို့သော် ခံယူချက်မတူသဖြင့်
ခံစားချက်တော့ ကွာခြားမည်ဖြစ်၏။ မိမိသည် တစ်ပါးသောသူကို အားကျနေသောအခါတွင်
ထိုသူကဲ့သို့ ဖြစ်ချင်သော ဆန္ဒများပေါ်ပေါက်လာမည်သာဖြစ်၏။

သူတော်ကောင်းများကို အားကျပြီး သူတော်ကောင်းစိတ်ပေါက်လာလျှင် လောကအတွက်
ကျက်သရေရှိသလောက် သူယုတ်မာများကို အားကျနေလျှင်တော့ ထိုပတ်ဝန်းကျင်သည်
ထာဝရ အပုတ်နံ့ထွက်နေဦးမည်သာဖြစ်၏။

ရာဇ၀င်လူဆိုးများသည် မိမိတို့ဘ၀သမိုင်းကို တစ်မျက်နှာသာရေးသွားနိုင်ခဲ့ကြလေ၏။
ဝမ်းနည်းဖွယ်ကောင်းလှသည်သာ။ ပါရမီဓာတ်ခံကောင်းသဖြင့် သူတော်ကောင်းကြီးများ
နှင့် ပက်ပင်းတိုးစေကာမူ ထိုအခွင့်အရေးကို အသုံးမချတတ်သဖြင့် သံသရာဇာတ်သိမ်း
မလှဖြစ်ခဲ့ရလေ၏။

အတိတ်ဘ၀က ကုသိုလ်ကံ၏ ထောက်ပံ့မှုဖြင့် ရှင်သန်လာသောလူသားတို့အတွက်
အဖော်မွန်းကောင်းဖြစ်သော ထိုကံတရားကို မျက်ကွယ်ပြုပြီး ထို၏ဆန့်ကျင်ဘက်ဖြစ်
သော အကုသိုလ်တရားတို့ကို နှစ်ခြိုက်နေမိခြင်းသည် ကုသိုလ်၏အောင်ပွဲကို မကောင်း
မှုဖြင့် အဆုံးသတ်နေသလိုဖြစ်နေပေတော့၏။

ကုသိုလ်၏ သဘောတရားကိုမသိသူတို့သည် ငွေကုန်မှသာ ကုသိုလ်ရတတ်သည်ဟူ
သော စွဲလမ်းမှုဖြင့် ထိုအကုန်အကျများသော ကုသိုလ်ကိုရှာရင်း အကုသိုလ်များကို
ဆည်းပူးနေမိတတ်လေ၏။

မိမိစားပြီးသော ပန်းကန်ဆေးရေကိုပင် သတ္တ၀ါတွေအပေါ် မေတ္တာ ဂရုဏာ ပြဋ္ဌာန်း
သောစိတ်ဖြင့် သွန်လိုက်လျှင် ကုသိုလ်ရသည်ဟူသောအဖြစ်ကိုသိပါက ကုသိုလ်၏
နေရာတိုင်းတွင်တည် ရှိနေတတ်သောသဘောကို သိမြင်လာနိုင်မည်ဖြစ်၏။

ထိုအခါ ဘ၀၏ လမ်းညွှန်မှုများသည် သူတော်ကောင်းများတည်ရှိရာသို့ အလိုလို
ဦးတည်လာမည်ဖြစ်၏။ ဓာတ်သဘော၏တူရာ စုတတ်ပုံကိုသတိပြုပါ။ထိုအခါမိမိ
တို့ ဘ၀ရှင်သန်မှုများသည် သုဂတိဘုံသို့ လမ်းစပေါက်လာပြီဖြစ်သဖြင့် သံသရာ
မှာ မြင့်မြတ်သော အထက်တန်းကျသော ဘ၀တို့သို့ ချဉ်းကပ်နိုင်မည်ဖြစ်၏။

လူကြိုက်များပြီး တန်ဘိုးရှိသောအရာများဖြစ်စေကာမူ ထိုတန်ဘိုး၏ စစ်မှန်သော
အရည်သွေးကို ပိုင်ဆိုင်ရသူမှာ နည်းပါးလှ၏။ထို့ကြောင့် ဘ၀၏ တန်ဘိုးရှိသော
အဖြစ်ကို တွေ့ရှိနေလျှင် စစ်မှန်သော အရည်သွေးကို ပိုင်ဆိုင်နိုင်အောင် ကြိုး
စားမှသာ သမိုင်းကောင်းသောလူ အတုယူမှန်သော ဘ၀များပိုင်းဆိုနိုင်မည်
ဖြစ်ပါကြောင်း အသိပေးရေးသားတင်ပြအပ်ပါသည်။

Wednesday, January 11, 2012

ကံဆိုးသူ ငိုပွဲ


မပြောသာလို့  လှည့်ပြန်ခဲ့ရပါသည် စိတ်ထဲမှာတော့ သိပ်မကျေနပ်ပေ။   အသက်ငယ်တာ
တစ်ချို့နေရာမှာကောင်းပေမဲ့ ဒီနေရာမှာတော့ တော်တော်ကို ခံရခက်လှသည်။``ဘယ့်နဲ့ ဗျာ
ဆွမ်းခံအိမ်မရှိလို့မှ ဘုံလောင်းတိုးပါတယ်ဆိုနေမှ´´။

ကိုရင်လေးစိတ်ထဲမှာ အခဲမကျေဖြစ်ခဲ့တာ လေးပါ။  ဖြစ်မယ်ဆိုလဲ ဖြစ်ချင်စရာပါဘဲ။
မန္တလေးရောက်တာမှ (၁) ကျော်ရုံသာရှိသေးသည်။ ဆွမ်းခံအိမ်မရှိသဖြင့် မနက်စောစောထ
ဘုံလောင်းတိုးရသည်မှာ မန္တလေးစာသင်သားထုံးစံတစ်ခု ၊      ` ဘုံလောင်းမှ မတိုးဘူးလျှင် မန္တလေး စာသင်သားမပီသ´ ဟုပင်ပြောရမလိုဖြစ်၏။

တကာမကြီးတစ်ယောက် ဒယ်အိုးကြီးတစ်လုံးရှေ့မှာချလို့ ကိုယ်တော်တွေ ဆွမ်းလောင်နေ
တာမြင်လိုက်ရတော့ ၀မ်းသာသွားသည်။ ကိုယ့်ရှေ့မှာ    သံဃာတွေလဲသိပ်မများသေးတော့
ဒီဟင်းတစ်ခွက်တော့ သေချာပေါက်ရမှာကို တွက်ဆပြီး သံဃာတော်များနောက်မှ တန်းစီကာ
ဟင်းကိုခန့်မှန်းကြည့်လိုက်သည်။

``ဘာဟင်းတွေပါလိမ့် ၊ ဥုံဖွ ခရမ်းသီးတွေက လွှဲပါစေ ၊ ဘုရားသိကြားမ လို့ ၀က်သား
ဖြစ်ပါစေဗျာ´´

ရှေ့မှာ ကိုယ်တော် နှစ်ပါးသာကျန်တော့သည် ထို့ကြောင့် ဟင်းကိုလဲ မြင်နေရပါပြီ ၊ထင်ထား
သလို ၀က်သားတော့မဟုတ် ၊ ငါးပိကြော်တွေ။ ပိုအဆင်ပြေတာပေါ့ မကုန်ရင် နောက်ရက်
အတွက် ထားလို့ရတယ်လေ။ ဒီလိုနှင့် တစ်ပါးပြီးသွားပြီ ၊ နောက်ထပ်တစ်ပါး ။
ဟော  -    -     -   ရောက်ပါပြီကိုယ့်အလှည့် ၊

 မျက်လွှာချလို့ သမဏသာရုပ္ပဖြစ်အောင်နေပြီး သပိတ်ဖုံးလေးကို အသာဖွင့်
ကာ ဆွမ်းလောင်းမည့်နေရာ ရှေ့တည့်တည့်သို့ရပ်နေလိုက်သည်။

``ကိုရင်လေး ၊ ကန်တော့ဆွမ်းပါဘုရား ´´
( ဂျိန်း တ လိန်းလိန်း ဒိန်း ) ခေါင်းပေါ် ကို မိုးကြိုးပစ်ချလိုက်သလို ဘယ်လိုမှထင်မှတ်မထား
သောအခြေနေ။       ခေါင်းကိုမော့လို့ အသာလေးလှည့်ကြည့်လိုက်သည်။

``ကိုရင် ၊ ကန်တော့ဆွမ်းလို့ပြောနေတာမကြားဘူးလား ၊ တစ်ခါတည်းပြောလိုက်မယ် ၊
နောက်ရက်တွေလဲ ကန်တော့ဆွမ်းပါဘုရား´´ခပ်တိုတို ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

စဉ်းစားလို့သာကြည့်ကြပါတော့ဗျာ ၊ သံဃာတော်တွေအများကြီးကြားထဲမှာ သူများတွေကို
တော့ လောင်းလှူပြီး ကိုယ့်ကျမှ ကန်တော့ဆွမ်းဆိုတော့ ၊ မရှက်တမ်းပြောရရင် အားငယ်
ပြီးတော့ ငိုချင်သလိုလို၊      ဒါပေမဲ့ မျက်ရည်မကျအောင်တော့ ထိန်းထားနိုင်ခဲ့ပါတယ်။

ရင်ထဲမှာတော့ မျက်ရည်မိုးတွေ ရွာခဲ့တယ်ပေါ့ဗျာ။ မကျေနပ်မှုတွေနဲ့အတူ စိတ်ထဲမှာ ကြုံး
ဝါးမှုတွေ ဖြစ်ပေါ်ခဲ့ပါသည် ``နောင်တစ်ချိန် ငါဟာ နာမည်ကြီး ဓမ္မကထိကကြီးဖြစ်ရင်
ခင်ဗျားတို့အကြောင်းကို တစ်နိုင်ငံလုံးသိအောင် ဟောပြလိုက်မယ်´´။
ကလေးသဘာဝကိုး ဘယ်တတ်နိုင်ပါမလဲ၊ ရိုင်းတယ်ဘဲဆိုဆို မိုက်တယ်လို့ဘဲပြောပြော
ရင်ထဲမှာဖြစ်ခဲ့တာကို အမှန်တိုင်းပြောပြတာပါ။

ဒီလိုနှင့် ရက်ကို လစား လကိုနှစ် စားလို့  ရာသီဥတုတွေ အလီလီပြောင်းခဲ့ပါပြီ ၊ စာသင်သား
တို့တာဝန်ဖြစ်တဲ့ စာကျက်စာအံ့ လုပ်လို့ ကြိုးစားလိုက်တာ ယခုတော့ ပထမကြီးတန်းအောင်
ပြီး တကယ်ကိုထွားကြိုင်းသန်မာတဲ့ ကိုရင်ကြီးတစ်ပါးဖြစ်ခဲ့ပြီလေ။ နေလာခဲ့တာကလဲ အချိန် တွေကြာလာပြီဆိုတော့  တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်ကိုယ်တော်ဘ၀ရောက်ခဲ့ပါပြီ။

ထို့ကြောင့် ဓမ္မာစရိယတန်းအတွက် နောက်ထပ် ပညာသင်လို့အဆင်ပြေမဲ့ ကျောင်းတစ်
ကျောင်းကို ရှာပြီး ပြောင်းရွှေ့ ရပါတော့သည်။ ၀ါတွင်းကာလ ရောက်လို့ စာဝါတွေလဲစတင်
လိုက်နေရပါပြီ ။ နေရာအသစ်မှာ အပေါင်းသင်း အသစ်တွေ အမြင်သစ်တွေနဲ့ တကယ်ကို
ပျော်ရွှင်ကြည်နူးမိပါသည်။

မှတ်မှတ်ရရ တော်သလင်းလပြည့်နေ့။
ဝါတွင်းကာလ လပြည့်လကွယ်ဆိုရင် ဘုံဆွမ်းလောင်းသူ အများဆုံးနေ့များဖြစ်၏။
ထို့ကြောင့် သူငယ်ချင်းများစုပြီး ဘုံလောင်းတိုးရန်စီစဉ်ထားကြလေ၏။ မနက် သုံးနာရီ
ခွဲသည်နှင့် အိပ်ယာထ မျက်နှာသစ် သင်္ကန်းရုံ သပိတ်ပိုက်ကာ ငါးပါးပေါင်ပြီး သွားခဲ့
ပါသည်။

ဒုတိယမ္ပိ နောက်ထပ်တစ်ကြိမ် `ရာသက်ပန် ကန်တော့ဆွမ်း´ လောင်းခဲ့သောနေရာသို့
ရောက်လာပြန်ပါတော့သည်။သို့ပေမဲ့ ထိုဆွမ်းဟင်းကိုတော့ သွားရောက်မခံယူဖြစ်တော့ပါ။
စိတ်နာနေလို့လားဟုမေးလျှင် လုံးဝ(လုံးဝ) မဟုတ်ပါ။ အကြောင်းမှာ - ကိုယ်တော်တစ်ပါးက
လာရောက်သတိပေးသောကြောင့်ဖြစ်၏။

သူပြောပုံက ``ကိုယ်တော်တို့ အဲဒီဘက်ကို မသွားနဲ့  ၊ စိတ်ဆင်းရဲလိမ့်မယ်´´
``ဘာဖြစ်လို့လဲ  အရှင်ဘုရား´´
``အဲဒီ ဘုံလောင်းက ကိုရင်ငယ်တွေကိုဘဲ သီးသန့်လောင်းတာတဲ့´´
ဟုတ်ပါသည် သူပြောမှ သေချာကြည့်မိသောအခါ ကိုရင်လေးတွေသာ ရှိ၏ ၊ အကြီးဆိုလို့
တစ်ပါးမှ မတွေ့ရပေ။

နောက်မှ ဖြစ်ရပ်မှန်ကိုသိရပါတော့သည်။ ဖိုးတောများ ( တောထွက် ကိုယ်တော်ကြီးများ )က
နှစ်ခါ သုံးခါ ပြန်လည်ခံယူသောကြောင့်ဖြစ်၏။ သို့ဆိုလျှင် ကျွန်ု ငယ်စဉ်ကကြုံခဲ့တာကရော
ကိုရင်ငယ်လေးများ ထိုကဲ့သို နှစ်ပြန် သုံးပြန်ပြီး  ခံတတ်သောကြောင့်များဖြစ်လေမလား။
ဒါပေမဲ့  -  -  ကျိန်ပြောဝံ့ပါသည် ဆွမ်းခံစားခဲ့သည့် ကာလတစ်လျှောက်လုံး နှစ်ခါပြန်တိုးခဲ့
သော အပြုမူမျိုးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးပေ။

သေချာသည်ကတော့ ကံဆိုးသူသည် ကျွန်ုပ်သာဖြစ်ပါလိမ့်မည်။ ကိုရင်လေးဘ၀မှာတုန်းကလဲ  ကန်တော့ဆွမ်း  အခုအရွယ်ရောက်သော်လဲ ကန်တော့ဆွမ်း ။     ။     ။

 အော်   -  -   -   -  ဒါ့ကြောင့်   ပြောကြတာကိုး ။

``ကံစမ်း မန်းတက် ၊ ဥာဏ်စမ်း ဆန်းတက်´´ တဲ့။

Tuesday, January 10, 2012

အဟောင်းစားသူများ


ရရှိပိုင်ဆိုင်ထားသော ဘ၀ကို တန်ဘိုးရှိအောင် ခံစားမှုဖြင့် ကျော်လွန်ဖြတ်သန်းခဲ့သော
လူသားတို့သည် ဘ၀၏အဓိပ္ပါယ်ကိုဖော်ဆောင်ရာတွင် မိမိပတ်ဝန်းကျင်မှာတွေ့ကြုံခံစား
ရသော သာမန်လောက တွေ့ကြုံမှုတို့ကိုသာ ဦးစားပေးခြင်းဖြင့် ပြောဆိုလေ့ရှိကြလေ၏။

ခံစားပိုင်ခွင့် (သို့ ) သုံးစွဲနိုင်မှုပမာဏသည် ဘ၀၏သရုပ်ကိုဖော်ဆောင်ရာတွင် အဓိက
ဇာတ်ဆောင်အဖြစ် နေရာယူခဲ့သည်မှာ ဘယ်ခေတ်ကာလ ဘယ်အချိန်က စတင်ခဲ့သည်
ကိုတော့ မပြောပြတတ်ပေ။

လက်ရှိအနေထားမှာတော့ ထိုအရာသည် တိုင်းတာမှုတစ်ခု၏သရုပ်ဆောင်အဖြစ် နေရာ
ယူထားသည်မှာ အသေအချာပင်ဖြစ်ပါသည်။

ခေတ်ကာလ၏       နေရာချထားမှုအောက်မှာ          ဦးစားပေးခြင်းခံရသည်ကတော့ `ခံစားမှုပြိုင်ဆိုင်ခြင်း´            ပင်ဖြစ်၏။ တစ်နည်းဆိုရသော် ခံစားမှုအများစုသည် မိမိတို့
ပိုင်ဆိုင်ထားသော သက်မဲ့များမှပေးထားသည့် ရလာဒ်များပင်ဖြစ်လေ၏။ ထိုအရာများသည်
တစ်ခြားမဟုတ် ပကာသနမက်မောသူများ၏ ဂုဏ်ဒြဗ်တစ်ခုဟုသာ ကောက်ချက်ချမိပါသည်။

ခံစားမှုအရှိန်ကို မြှင့်တင်ပေးနိုင်သလောက် ပတ်ဝန်းကျင်၏ အထင်ကြီးလေးစားမှုကို ခံရမြဲ
ဖြစ်၏။ ဥပမာအားဖြင့်ဆိုရသော် - အကောင်းစားနောက်ဆုံးပေါ်ကားကိုစီး ၊ တိုက်တာ
ကောင်းကောင်းနဲ့နေ ၊ ငွေများများသုံးနိုင်ပြီး ကာမစည်းစိမ်ယစ်နေသူတို့ကို ချိန်ထိုးကြည့်
ခြင်းအားဖြင့် သိသာထင်ရှားလှပေ၏။

သို့သော် - ခံစားခြင်းသဘော၏ နောက်ဆုံးပန်းတိုင်မှာ ကုန်ဆုံးခြင်း ကုန်ခမ်းသွားခြင်း ဟု
သတိထားမိသူ သတိမူသူများရှားပါးနေသေးသည်သာ။ ထိုကုန်ဆုံးသွားသော ခံစားမှု၏
အရင်ခံအကြောင်းမှာ ရှာဖွေစုဆောင်းရမှု ဒုက္ခမှ တစ်ပါးအခြားမရှိပေ။

လောကကြီးတွင် ဖြစ်တတ်သော သဘာဝ တစ်ခုမှာ ရှာဖွေမှုထက် ခံစားမှုကို ဦးစားပေးတတ်
ခြင်းသာဖြစ်၏။

ထိုအကြောင်းကို ဒေသနာတစ်ခုနှင့်တိုက်ဆိုင်ကြည့်ကြပါစို့။
တစ်ခုသောနေ့၏ နံနက်ခင်းတွင် သာဝတ္ထိမြို့ရှိ မိဂါရသူဋ္ဌေးကြီးသည် နို့ဃနာထမင်းစားနေ
သောအခါ ချွေးမဖြစ်သူ ၀ိသာခါသည် ထမင်းဝိုင်းဘေးမှနေလျှက် ယပ်ခပ်ပေးနေလေ၏။
ထိုအချိန်တွင် ရဟန်းတော်တစ်ပါး ဆွမ်းခံကြွလာသည်ကို သူဋ္ဌေးကြီးမြင်ပါလျှက်နှင့် မမြင်
ယောင်ဟန်ဆောင်ပြီး စားမြဲတိုင်းစားနေတော့၏။ ထိုအခါ ၀ိသာခါမှာ မနေနိုင်တော့ဘဲ --

``အရှင်ဘုရား ၊ ယနေ့ ကန်တော့ဆွမ်းပါဘုရား ၊ တပည့်တော် ယောက္ခမကြီးက အဟောင်း
တွေကို စားသုံးနေတာပါဘုရား´´လျှောက်တင်ခဲ့ဘူးပါသည်။

ထိုအဟောင်းဆိုသည်မှာ ယမန်နေ့က လက်ကျန်ဖြစ်သော အစားအစာကို ဆိုလိုသည်မဟုတ်။
အတိတ်ဘ၀က ပြုခဲ့သည့် ကုသိုလ်ကံ၏ အကျိုးဝိပါက်ကိုသာ ခံစားနေပြီး နောက်ထပ်ဖြစ်
သော ကုသိုလ်ကို ( သို့ ) ခံစားရကြောင်း အကြောင်းကံ ကို ထပ်မံမဆည်းပူးခြင်းကိုဆိုရင်း
ဖြစ်၏။

သို့အတွက်ကြောင့် ယနေ့ခေတ်မျက်လောက်လောကကြီးတွင် ထိုကဲ့သို့ အသစ်ကံမဆည်းပူး
ပါဘဲနှင့် အဟောင်းကိုချည်းသာ စားသုံးနေကြသူများသတိထားသင့်သော အကြောင်းတရား
တစ်ခုဖြစ်သည်ကို တင်ပြလိုရင်ဖြစ်ပါသည်။

ကံအသစ်ကို ဆည်းပူးသူ ဖြည့်ဆည်းသူ နည်းပါးသလောက် ရရှိထားသော ကံအကျိုးကို
ခံစားနေသူတို့သာ များပြားနေသည်မှာထင်ရှားလှပေ၏။ ခံစားရုံနှင့်မပြီးပေ ပြိုင်ဆိုင်မှုများ
လည်းတိုးလာနေသောကြောင့်  ထိုခံစားမှုကိုပင် တိုင်းတာစရာတစ်ခု အဖြစ်သတ်မှတ်ထား
သည်မှာထင်ရှားသိသာလေ၏။

ဘ၀မှာ ရှင်သန်နေသောလူသားတိုင်း အဟောင်းစားရုံနှင့် ကျေနပ်နေမည်ဆိုရင် ပြိုင်ဆိုင်မှု
များကြားတွင် ထာဝစဉ် ရှုံးနိမ့်သွားနိုင်သဖြင့် အသစ်ဖြစ်သော အကြောင်းကံတို့ကိုလည်း
ထပ်မံပြုလုပ်သင့်ပါကြောင်း အသိပေးရေးသားတင်ပြလိုက်ပါသည်။

Sunday, January 8, 2012

ဆရာမကောင်း ဆရာ့ခေါင်း


``ကိုရင်  ရွာမြောက်ပိုင်းက  တကာမကြီးက သူ့အိမ်ကိုဆွမ်းမခံဘဲ  ကျော်သွားတယ်ဆိုပြီး
လာလျှောက်နေပါလား ၊ ဘာဖြစ်လို့မ၀င်ကြတာလဲ´´ဟု ဆွမ်းစားကျောင်းတာဝန်ယူရသော ကိုရင်ကြီးက ထိုရပ်ကွက်သို့ဆွမ်းခံသွားသောကိုရင်လေးကိုမေးသောအခါ -  -  -

``အဲဒီအိမ်က ခွေးကိုက်တယ်ဘုရား ၊ အဲဒါကြောင့် ဘယ်သူမှ မသွားရဲကြတာပါ´´
``အဝေးကနေ ဆွမ်းတော်ဗျို့လို့အော်ပေါ့ ၊ အေး နောက်တစ်ခါ လာလျှောက်လို့ 
ဆရာတော်သိသွားရင် ငါတာဝန်မယူဘူးနော် ၊ မင်းတို့အရိုက်ခံရလိမ့်မယ်´´
``ဒါဆို ကိုရင်ကြီး ၊ ခွေးမကိုက်တဲ့ မန္တာန်လေးမရှိဘူးလား ၊ ကိုရင်ကြီးက စာပေဗဟုသုတ
ရှိတယ်ဆိုတော့ နည်းလမ်းလေးဘာလေးများသိလားဘုရား´´

``အေး ဂါထာတွေ မန္တာန်တွေကိုတော့ ငါမသိဘူး၊ ဒါပေမဲ့နည်းလမ်းတော့ရှိတယ်ကွ´´
``တင်းပါ ၊ ပြောပါဦးဘုရား´´

`` အေး  ၊ ခွေးအနားကို ရောက်တော့မယ်ဆိုရင် ပထမဆုံး အံကိုကြိတ် ၊ ပြီးတော့ လက်ကို
နောက်ပြန် ထားပြီး လက်သီးဆုပ် ၊ ခွေးမျက်နှာကို သေချာစိုက်ကြည့်ပြီး စိတ်ထဲကနေပြော
`မကိုက်ရဘူး  ၀ဋ်လည်တတ်တယ် ၊ မကိုက်ရဘူး ၀ဋ်လည်တတ်တယ် ´လို့ သုံးခါတိတိပြော
အဲလိုဆိုရင် ဘယ်ခွေးမှမကိုက်တော့ဘူး  ၊ ကြားလား´´
``တင်းပါ့ ဘုရား မနက်ဖြန် တပည့်တော်တို့စမ်းကြည့်မယ်ဘုရား´´

------------  ၊   ------------  ၊  ------------  ၊  ------------  ၊  -------------  ၊  -----------

နောက်နေ့ရောက်သောအခါ  - -
``ဆွမ်းတော်ဗျို့ ၊  ဆွမ်းတော် ´´ ရှေ့က ကိုရင်က  သပိတ်ပိုက်ပြီး     နောက်က ကျောင်းသာားလေးက ဆွမ်းဗျက် ( ဟင်းထည့်ရန် ခွပ်များထည့်ထားသောလင်ပန်း)ကို
ခေါင်းပေါ်ရွက်ခါ အိမ်စဉ်လှည့်လာရာ ခွေးကိုက်သောအိမ်ရှေ့သို့ရောက်လျှင်

``ကျောင်းသား ၊ မင်း ရှေ့ကသွားတော့လေ ငါကသပိတ်ကိုင်ထားရတာဆိုတော့
လက်နောက်ပစ်ပြီး လက်သီးဆုပ်လို့မရဘူး ၊ မင်းက ဆွမ်းဗျက်ကို လက်လွှတ်ရွက်ပြီး
ခွေးမကိုက်အောင်လုပ်လို့ရတယ်´´
``ကိုရင်ရော နောက်ကတစ်ခါတည်းလိုက်ခဲ့နော်´´
``အေးပါ´´

လွယ်သောအရာမဟုတ် ၊ စွန့်စားခန်းတစ်ရပ်သာဖြစ်၏ ။ ဆရာတော်ရိုက်မှာကြောက်လို့သာ
သွားရမည်ဖြစ်သည် ၊ ကိုရင်ရော ကျောင်းသားပါ ဒူးတွေကတုန်နေ၏။
ကျောင်းသားကလဲ မနေက ကိုရင်ကြီးပေးသောနည်းအတိုင်း ခေါင်းကိုငြိမ်အောင်ထားပြီး  လက်ကိုနောက်ပြန်ပြစ်လို့ အံကြိတ် လက်သီးဆုပ်ခါ စိတ်ထဲမှာလဲ `မကိုက်ရဘူး ၀ဋ်လည်
တတ်တယ်၊ မကိုက်ရဘူး ၀ဋ်လည်တတ်တယ်´ဟုစိတ်ထဲမှရေရွတ်ပြီး ခွေးကိုဘဲ
ကြောက်ကြောက်နှင့် အာရုံစိုက်နေစဉ်  -   -   -   -

``ဆွမ်းတော်ဗျို့ ၊ ဆွမ်းတော်´´

``အမလေးဗျ ´´

ဂလုံး  ဂွမ်း ။ ကိုရင်အော်လိုက်သောအသံကြောင့် ကျောင်းသားလေးမှာ လန့်ပြီး ခေါင်းပေါ်က
ဆွမ်းဗျက် လွတ်ကျသွားတော့သည်။ ကျောင်းသားရင်ထဲမှာ တဒိတ် ဒိတ်နှင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ကြောက်အားပိုနေစဉ် အိမ်အောက်မှ ခွေထွက်လာသည်ကိုတွေ့တော့ -

``ဟာ  ဟိုမှာ ခွေး  ခွေး  ခွေး လာ လာနေ´´
စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ဘဲ ကြောက်အားလန့်အားနဲ့ ကိုရင့်ပခုန်းပေါ်
တက်ခွလေသောအခါ -  -  -   -
``ခွပ် ´´
လက်ထဲကသပိတ်လဲ လွတ်ကျ ကွဲသွားလေတော့၏။

ထိုအခါ ခွေးပြေးလာပြီး  ( လူကိုမကိုက်ပါ ) မှောက်ကျကုန်သော ဆွမ်းဟင်းတို့ကိုသဲကြီးမဲကြီးစားနေပါတော့သည်။

ကိုရင်ကြီးပေးလိုက်တဲ့ နည်းကဘဲကောင်းလွန်းလို့လားမပြောတတ်ပေ။ ကိုရင်နှင့် ကျောင်းသားလေး ခွေးတော့ အကိုက်မခံရပါ။  သို့သော်  ကျောင်းပြန်ရောက်သောအခါ။

``အမလေး ၊ ကြောက်ပါပြီးဘုန်းဘုန်းဘုရား၊ နောက်ဆိုမပြောတော့ပါဘူးဘုရား´´
ထိုအော်ငိုသံကား ကိုရင်လေးနှင့် ကျောင်းသားအသံတော့မဟုတ်ပေ။ ဒါဆိုရင်
ဖြစ်နိုင်သူက ( --  ---  ---  --  --  --  --  -- ) ဘဲပေါ့။

(ရယ်ရွှင်ခြင်းဖြင့် ဘ၀အမောတွေပြေပါစေ)

Saturday, January 7, 2012

ဈေးဝယ်သူများသတိထား



လူ့ဘ၀ဇာတ်ခုံ ကုန်တွေစုံတဲ့ ဈေးရုံပမာ၊
ရောင်းဝယ်စရာ အလွန်များတာမို့ ၊
ရွေးချယ်ဘို့က သတိထားစရာ။

ဒီဘက်တန်းက `ကုသိုလ်´ ဆို၊
ဟိုဘက်တန်းက `အကုသိုလ်´၊

ဝယ်လိုသူများအတွက် ကြော်ငြာချက်ကောင်းတာက၊
လောဘ.ဒေါသ.မောဟ.  မာန စတဲ့ပစ္စည်းတွေပေါ့။

လူကြိုက်လဲများ သုံးတဲ့သူလဲမရှားဘူး။
ပေါသလားမမေးနဲ့ လျော့ဈေးနဲ့ရောင်းတာကိုး။

ဈေးဆစ်တတ်သူ အပိုတောင်းတတ်သူတွေက အများသားမို့၊
လူတကာ  အားကျတဲ့ပစ္စည်းဆို `အကုသိုလ်´ ဘဲရှိတယ်။

ကုသိုလ်ဘက်တန်းမှာတော့ -  -
ခပ်လှမ်းလှမ်းက ရပ်ကြည့်တဲ့သူတောင် ရှားပါးလို့၊
စိတ်မ၀င်စားတာဘဲများပါတယ်။

ဒါနတရားအသာထား သီလတရားဘေးချိတ်၊
ဘာဝနာစိတ်ဆိုတာ ဗလာနတ္ထိ  ဘာဆိုဘာမျှ မရှိ။
 
ဈေးသည်ဗျို့ ဈေးသည်။   ။    ။

ကြိုက်ရာသာရွေးချယ်ကာ ၀ယ်ကြပါတော့၊
ကောင်းတာရော မကောင်းတာပါ ၊
စုံလင်စွာရောင်းချ ပါတော့မည်။

ဗျာ ရှင်တို့ရေ  -  -  -  -
လိုချင်တာသာ ၀ယ်ကြပါကုန်တော့။

ကောင်းတာဆိုရင်  `စံ´၊ မကောင်းတာဆိုရင် `ခံ´ ပေတော့။

Friday, January 6, 2012

ရကြပါစေ အမျှဝေ၏


``ကိုကျော်ရေ ၊ အမျှ အမျှ အမျှပါတော် ၊ ရှင့်အတွက် အမျှပေးဝေပါတယ် ၊သာဓုခေါ်ပါ´´

ရုတ်တရက် အိပ်ယာမှထပြီး အမျှဝေနေသော သမီးဖြစ်သူကို ဖခင်က သေချာကြည့်ပြီး
``သမီး ၊ နင့်ယောက်ျားကိုသတိရပြီး အိပ်မက်မက်နေတာလား´´


``ဟုတ်တယ် အဖေ၊ အကိုက သူ့သားလေးရှင်ပြုပေးတာကို မြင်ချင်တယ်တဲ့ ၊ သားလေး
ကိုရင်ဝတ်တဲ့နေ့မှာ သူ့ကိုသေသေချာချာ အမျှပေးဝေဘို့လဲ တတွတ်တွတ်ပြောနေတာ
လုပ်ပါဦး အဖေရယ် ၊ သမီးဘာလုပ်ရမလဲ´´
``အင်း ၊  ဒါဆို  ဆရာတော်ကို သေချာလျှောက်ထားမှ ၊ သမီးရေ မနက်မှ အရုံဆွမ်းပို့ရင်း
အဖေလျှောက်လိုက်မယ် ၊ ကဲ ကဲ သမီးလေး ပြန်အိပ်လိုက်ဦး´´
-------     -------  --------  -------- -------  ---------  --------- 

 နောက်တစ်နေ့ -   -
``ဆရာတော်ဘုရား ၊ အကြောင်းစုံကတော့ ဒါပါဘဲ´´ဟု ဆရာတော်ဘုရားအား လျှောက်ထားသောအခါ  -  -
``အင်း  ၊ သေသာသွားတယ် ၊ သူ့သားလေးရှင်ပြုမပေးလိုက်ရတာကို စိတ်ထဲမှာ
စွဲလမ်းနေတော့ အခုလိုမကျွတ်မလွတ်ဘ၀နဲ့ဆင်းရဲနေရှာတာ။ သက်ရှိကိုဖြစ်စေ ၊
သက်မဲ့ကိုဖြစ်စေ တစ်စုံတစ်ခုကို စွဲလမ်းစိတ်နဲ့သေမယ်ဆိုရင် ပေတဂတိကိုရောက်
တတ်တယ်။ ဒီတော့ တကာကြီးတို့ အမြန်ဆုံးကုသိုလ်ကောင်းမှုလုပ် အမျှဝေဘို့
လုပ်တော့´´
``တင်းပါ့ ဘုရား´´
-----------  -----------  ----------  ------------  ------------  ------------ 

ခေါင်းရိတ်။
သင်္ကန်းဝတ်။
သရဏဂုံဆောက်တည်။

ထို့နောက်  -  -
ရေစက်ချ အမျှမဝေခင် ဆရာတော်က တရားအနည်းငယ်ဟောလေ၏။
``ဒီနေ့ပွဲက သားရှင်ပြုတဲ့အလှူ ၊ ဒါပေမဲ့ သေသူနဲ့ပတ်သတ်ပြီး အဓိကထားဟောရမယ်။
သတ္တ၀ါတိုင်း နောက်ဆုံးတော့ သေကြရမှာဘဲ ၊ ဒါ့ကြောင့် သေတာအဆန်းမဟုတ်ဘူး ၊
အေး  ဒါပေမဲ့ သေသွားတဲ့နောက်မှာ မကောင်းတဲ့ဂတိတွေကိုရောက်မယ်ဆိုရင် ကိုယ့်အတွက်
ရှုံးတာဘဲ။
---------  ---------  -------- (   .   .   .   .   .   .) --------  ---------  --------
ကိုင်း ဒီနေ့ဟောတဲ့တရားကို အနှစ်ချုပ်ရင် - -
ကိုယ်လဲဘဲ တစ်နေ့သေမယ် ၊ ကိုယ်သေတဲ့အခါမှာ အဲလိုမကောင်းတဲ့ဂတိတွေကို
မရောက်ရအောင် ကြိုတင်ပြီးဒါနကောင်းမှုပြုရမယ် သီလဆောက်တည်ရမယ် ဘာဝနာ
ပွားများရမယ်၊
ပေတဂတိဆိုတာ ကျန်ရစ်ခဲ့တဲ့ မိသားစုက အမျှတန်းပေးဝေမှ ကျွတ်လွတ်နိုင်တယ်၊

အေး  ကျန်ရစ်သူမိသားစုကတော့ ထုံစံအတိုင်း (၇) ရက်ပြည့်ရင် ရက်လည်ဆွမ်းကပ်မယ်၊
နောက် တတ်နိုင်ရင် လပတ်လည် နှစ်ပတ်လည်လုပ်လိမ့်မယ်၊ အဲလိုလုပ်ပေးပြီးရင် ပြီးသွားပြီ
လို့ဘဲသဘောထားမှာ။
သေသောသူ ကြာရင်မေ့ ဆိုတဲ့ဆိုရိုးစကားရှိတယ်မဟုတ်လား။
ကိုယ်ကသေလို့ ပေတဂတိရောက်နေတယ်ဆိုပါဆို သူတို့ကလဲ မေ့နေမယ်ဆိုရင်တော့
ခံပေဦးတော့ ဆင်းရဲတဲ့ဘ၀မှာ ၊ အေး   အရပ်စကားနဲ့ ပြောရရင် ပေတဂတိဆိုတာ
သူများပေးမှ ကောင်းစားရတဲ့ဘ၀ ၊ ခင်ဗျားတို့ စဉ်စားကြပေါ့  အဲလိုဘ၀ကကောင်းရဲ့လား
ဆိုတာ ၊ ´´
`` ဒကာကြီး ကောင်းပါ့မလား ´´
``မကောင်းပါဘူးဘုရား´´

``ကိုယ်သေတဲ့အခါ ကိုယ့်ကုသိုလ်နဲ့ကိုယ် ကောင်းရာဘ၀ရောက်အောင် အခုချိန်ကစပြီး
ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း´´
``သာဓု သာဓု သာဓု´´
``ကဲ ရေစက်ချမယ် အားလုံးလိုက်ဆို ´´
--------  ---------  ---------  ----------  ---------  ---------  ---------  ---------

အရှင်ဘုရား  တပည့်တော်များသည်  ကံကိုလည်းကောင်း  ။  …   … ။  …  ….  …။
…..  …….  …….  ……..။ ………  ………  ……..  နိဗ္ဗာန်၏အထောက်အပံ့ ……..  ……….။
အထူးအားဖြင့် လွန်ခဲ့သော (၂) လခန့်က ဘ၀တစ်ပါးသို့ပြောင်းသွားသော
ကိုကျော်အား အစထား   ………    ………..။  ………..  ………… ။ အားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ။
``သာဓု သာဓု သာဓု´´

``အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့´´
``သာဓု သာဓု သာဓု´´

``အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့´´
``သာဓု သာဓု သာဓု´´
--------  ----------  ---------- ---------  ---------  ---------- ------ 

``အဖေ  သမီးလေ ညက အိပ်မက်ထဲမှာ ကိုကျော်ကိုတွေ့လိုက်တယ်´´
``ဟေ့  ဟုတ်လား ´´
``ဟုတ်တယ် အဖေ ၊ သူ့မျက်နှာကလဲ ပြုံးလို့ နောက်ပြီးတော့ သူ့ခန္ဓာကိုယ်ကလဲ
အရောင်တ၀င်းဝင်းနဲ့ ၊ ပြီးတော့ သမီးကို နှုတ်ဆက်သွား `ငါနတ်ပြည်သွားရတော့မယ်´တဲ့။

``ဒါဆို နင့်ယောက်ျား ပြိတ္တာဘ၀က ကျွတ်လွတ်သွားပြီဘဲ ၊ အေး  ပြီးတော့မှ အဲဒီအကြောင်းကို ဆရာတော့်သွားလျှောက်ရဦးမယ်´´

ဒါနမပါ ၊ သံသရာ ၊ မျက်နှာငယ်တတ်တယ်။
ဒါနရိက္ခာ ၊ ပါသူမှာ ၊ မျက်နှာလွန်တင့်တယ်။

(ကာယကံရှင်၏ အမည်ရင်းကို ပြောင်းလဲထားပါသည်)

Thursday, January 5, 2012

အားမနာတမ်းသာ ပြောလိုက်ပါ


သိချင်ယောင်ဆောင်ထားသော မသိခြင်းကို ဖော်ထုတ်လိုက်သောနေ့။
တကယ်တော့ လူသားတိုင်း   တွေ့နေ မြင်နေလို့ တော့ သိနေကြပါတယ်။ ဒါပေမဲ့ မသိသလိုနေုသူတွေဘဲများပါတယ်။ ထိုအရာသည် ဘ၀အတွက်အရေးမပါလို့ဘဲ မေ့ထားလေသလားဟု စဉ်းစားမိပါသည်။ အရေးပါတာမှ ဘယ်လိုမှပင်ရှောင်လို့မရအောင် ကို အရေးပါခြင်း ဖြစ်ပါသည်။
အတ္တကိုအရင်ခံပြီး ရှင်သန်လာသူများအတွက် ရှောင်ဖယ်ခြင်း ဆင်ခြေပေးခြင်းက ထာဝရ အလုပ်တစ်ခုဖြစ်နေလေတော့ ကိုယ်မှတစ်ပါး အခြားသောသူများအတွက် နေရာမပေးမိတာကို အပြစ်လို့တော့ မဝေဘန်ပါဘူး။

ပတ်ဝန်းကျင်တစ်ခုကို မင်းမူနေရရင် ပြီးပြည့်စုံသွားပြီဟု ထင်နေသူများက လောကကြီးကို မထီမဲ့မြင်ပြုနေခြင်းဖြင့် ဘ၀တစ်ခုကို ဖြတ်သန်းနေလေတော့ သူတို့ဘ၀မှာ ထိုအရာများကို မေ့ဖျောက်ခြင်းသည်ပင် စိတ်ဖြေရာတစ်ခုဖြစ်လေမလားဟုပင် သံသယ၀င်မိပါရဲ့။

တကယ်ဆို မေ့တတ်တဲ့သဘောတရားဟာ အကုသိုလ်လုပ်ရမှာ ၊ ပတ်ဝန်ကျင်ကလက်မခံတဲ့ လောကဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကို လုပ်ဖို့မေ့နေတာက ကောင်းပေမဲ့ မမေ့သင့်တာတွေကို မေ့နေတာဆိုရင်တော့ အဲဒါဟာ ဘ၀ရှင်သန်မှုမှာတော့ အနှုတ် လက္ခဏာဖြစ်တယ်ဆိုတာ သတိထားစေခြင်ပါတယ်။

မိတ်ဆွေတစ်ယောက် (သို့) အိမ်နီးခြင်းတစ်ဦး သေဆုံးသွားတာကိုတွေ့တော့ ရင်ထဲမှာ သိပ်မသိသာပေမဲ့ သွေးသားတော်စပ်သူဆိုရင် ၀မ်းနည်းဖို့ နှလုံးမသာယာဖို့ စိတ်မကောင်းဖြစ်ဖို့ကို နှိုးဆွပေးလိုက်တာက တရားခံဘယ်သူလဲ။ ပဟေဠိတစ်ခုမဟုတ်ပေမဲ့
အဖြေညှိဖို့ခက်လို့ပြစ်ထားတာလေလား ၊ ဒါမှမဟုတ် အကျင့်သားရနေလို့လား။

ဘ၀အတွက် မပြောပလောက်တဲ့ အခွင့်အရေးလေးရဖို့ကိုတောင် အပြင်အထန်ကြိုးစားနေတဲ့
လူတွေဟာ တကယ်အရေးပါတာကို မေ့တာမဖြစ်နိုင်ပါဘူး။
တကယ်တော့  -  -  - စဉ်းစားစရာတစ်ခုအဖြစ် ၊ သတိထားစရာတစ်ခုအနေနဲ့ သိထားတာ မဟုတ်လို့ဘဲထင်ပါတယ်။

အဲဒါကိုထုတ်ပြောခဲ့သူရှိခဲ့ပြီလေ။
တစ်ခြားတော့ မဟုတ်ပါဘူး ။    ဗုဒ္ဓ ဘဲပေါ့။

``လူသားတွေရထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ သေခြင်းသဘောရှိတဲ့အတွက်  ဧကန်မုချ သေကြရမယ်ဆိုတာ မမေ့ကြနဲ့´´
ဥပမာတစ်ခုပြောရရင် - စာမေးပွဲဖြေတဲ့ ကျောင်းသားတစ်ယောက်က အောင်စာရင်းမထွင်ခင် အခြေနေကိုကြိုတင်သိနိုင်ပါတယ်။ မဖြေနိုင်မှန်းသိတဲ့သူက ကျမယ်ဆိုတာ တွက်ထားပြီးသား ဖြစ်တဲ့အတွက် အောင်စာရင်းထွက်လို့ ကျတယ်ဆိုလဲ ထူးခြားတဲ့ဝမ်းနည်းမှုမဖြစ်တော့ပါဘူး။ 

ငါ သေမှာပါလားလို့ သိနေတဲ့သူအတွက် သေဘေးနဲ့ကြုံတွေ့သော်လည်း သေမှာကြောက် တဲ့စိတ်ကတော့ လျှော့သွားတာပေါ့။

ဘုရားပြောတဲ့ စကားလေးကတော့  -  -  -
လက်နက်ပါတဲ့လူက အန္တရာယ်ကို မမှုဘူးဆိုတဲ့ သဘောသက်ရောက်မှုရှိပါတယ်။

တွေးထားတဲ့သူတွေအတွက်တော့ ရင်ဆိုင်ရတဲ့အခါ သက်လုံကောင်းကောင်းနဲ့  ခုခံနိုင် ပါလိမ့်မယ်။
အမှန်အားဖြင့်တော့ ကိုယ်လဲဘဲသေရဦးမှာမို့ - 

မှန်ရှေ့မှာမတ်တပ်ရပ်  ၊ ကိုယ်မျက်နှာကိုကိုယ် သေချာကြည့်  ၊ လက်ငြှိးငေါ့ငေါ့ထိုးပြီး  အားမနာတမ်း ပြောလိုက်စမ်းပါ။
``သေရဦးမယ်  ၊  သတိထား ´´လို့။

ရှင်ခြင်းမမြဲ  ၊ သေခြင်းမြဲ၏။
ငါသည်မုချ သေရမည် ၊ အချိန်ပိုင်းသာလိုတော့သည်။
                                                                                         
                                                                                        မျိုးဆက်သစ်အရှင် (ရွှေကြာအင်း)

Monday, January 2, 2012

လှချင်ရင် အဆင်မမှားစေနဲ့(အလှစစ်)

လူသားအားလုံး အလှတရားကို တန်ဘိုးထားတတ်ကြ၏။ လှတာကို မက်မောတတ်ကြသလို ပိုပြီးလှအောင်လည်းဖန်တီး တတ်ကြလေ၏။
အလှတရားသည် လောကကို တန်ဆာဆင်ထားသလို လူသားတို့၏ နှလုံးသားကိုလည်း နူညံ့စေတတ်ပါသည်။ ထို့ကြောင့် အလှတရားသည်
နေရာတိုင်းတွင် ဦးစားပေးခြင်းကိုခံရမြဲဖြစ်သည်မှာ သိသာထင်ရှားလှပေ၏။

လှချင်သောသူများသည် ၀တ်စားဆင်ယင်မှုမှန်ကန်တည့်မတ်ဖို့လိုအပ်သလို နေရာကျဖို့လည်းလိုအပ်လှပေ၏။
သို့မှသာ အလှတရားသည်ပေါ်လွင်ထင်ရှားပေလိမ့်မည်ဖြစ်၏။ အလှတရားသည် အပြင်အဆင်အနေအထားအရွေးမှားခဲ့လျှင် တော့ အလှတန်ဘိုးပျက်သုံးရပေတော့၏။   

ဥပမာ - ဆံပင်အလွန်ကောင်းသော မိန်းကလေးတစ်ဦးဆိုပါစို့။
ပတ်ဝန်းကျင်က ထိုမိန်းကလေးကိုမြင်လျှင် ``ဟယ်  - ဆံပင်လေးကလှလိုက်တာ ၊ နက်ချိတ်ပြီး ဖြောင့်စင်းနေတာဘဲ။ မြန်မာဆန်ဆန်လေးနဲ့
ကျက်သရေရှိလိုက်တာ´´ ဟုဝိုင်းဝန်းချီးမွမ်းထောမနာပြုကြပေလိမ့်မည်ဖြစ်၏။ ထိုသို့ချီးမွမ်းခံရခြင်းမှာ တစ်ခြားကြောင့်မဟုတ်ပေ ဆံပင်၏နေရာမှန်သောကြောင့်သာ။

အမှန်အားဖြင့် ထိုဆံပင်ချည်တစ်မျှင်သည် မိမိစားမည့်ထမင်းထဲများရောက်နေခဲ့မည်ဆိုလျှင်တော့ အလှတရားကိုဖော်ဆောင်နိုင်မှုမရှိဘဲ
`` ဟင်  -  ရွံစရာကြီး ၊ ဘာအမွှေးကြီးမှန်းလည်းမသိဘူး၊ စားချင်စိတ်တောင်ပျောက်သွားပြီ´´စသည်ဖြင့် ကဲ့ရဲ့ကြမည်မလွဲပေ။
နောက်ထပ်ဥပမာတစ်ခုဆိုရပါလျှင် `နှုတ်ခမ်းနီ´ ဖြစ်၏။

ထိုနှုတ်ခမ်းနီသည် မိန်းကလေးများ၏ နှုတ်ခမ်းထက်တွင်နေရာယူ ထားလျှင်ဖြင့်
``ဟယ် - ဟိုမှာကြည့်စမ်းပါဦး ၊ လှလိုက်တာ နှုတ်ခမ်းလေးကို ရဲနေတာဘဲ ၊
နှုတ်ခမ်းလေးက နှင်းဆီရောင်သန်း နေတာချစ်စရာလေး´´ စသည်ဖြင့် ချီးမွမ်းကြပေလိမ့်မည်။
သို့သော် ထိုနှုတ်ခမ်းနီမှာ အများသောက်တဲ့ သောက်ရေခွက်တွင် ပေကျံနေ သောအခါတွင်မူ
``ဟင် - ဘယ်သူတွေသောက်သွားတယ်မသိဘူး၊ နှုတ်ခမ်းနီတွေပေကျံနေတာ ရွံစရာကြီး  ၊
ဟဲ့ ရော့  ဒီခွက်ကိုပြောင် အောင်ဆေးလိုက်ကြစမ်း´´ဟု ပြစ်တင်ပြောဆိုခံရမည်သာဖြစ်၏။
ထို့ကြောင့် အလှတရားသည် နေရာကျဖို့ အမှန်တကယ်လိုအပ် လှပေ၏။

လောကလူသားအားလုံးကလည်း မိမိတို့လှမည်ထင်သည်တို့ကို ရွေးချယ်ပြီးဝတ်ဆင်တတ်ကြလေ၏။ တစ်ချို့ တစ်ချို့က မြန်မာဆန်ဆန် ၀တ်ထားလျှင် ကြည့်ကောင်းပြီး ကျက်သရေရှိသလို တစ်ချို့မှာ ခေတ်ဆန်ဆန်ဝတ်သောအခါ အသွင်တစ်မျိုးဆန်းပြီး ချစ်စရာကောင်နေတတ်ပါသည်။

သို့သော် မြန်မာဆန်ဆန်ဝတ်မှ လှတတ်သောသူများအတွက်ခေတ်ဆန်ဆန်ဝတ်လျှင်မလိုက်ဖက်သလို
ခေတ်ဆန်စွာဝတ်စား ဆင်ယင်မှလှသောသူများအတွက်လည်း မြန်မာဆန်ဆန်ဝတ်လျှင်
ကြည့်ရတာအဆင်မပြေတတ်ပေ။
ထို့ကြောင့် ``လှချင်လျှင် အဆင်မှားလို့မရ´´ဟုသာ ကောက်ချက်ချ သုံးသပ်မိပါသည်။

တကယ်တော့ လောကအတွင်းမှာ ကျင်လည်နေသောအလှတရား သည် အချိန်အခါနှင့်ဆိုင်သလို အသက်အရွယ်အားဖြင့် သတိထား ဆင်ခြင်စရာတစ်ခုဖြစ်လေ၏။
အလှတွေဘယ်လောက်ပြင်ပြင် တန်ဆာတွေ ဘယ်လောက်ဘဲ ဆင်ဆင် အသက်အရွယ်ကြီးပြီး မျက်စိမှုံ ၊ နားထိုင်း ၊ ခါးကိုင်းလို့ ပါးရေနားရေတွန့် ၊ ဆံပင်ဖြူ ၊ သွားကျိုး အကျည်းတန် အရုပ်ဆိုး
လာသောအခါတွင်မူ လူသားတို့သတ်မှတ်ထားသော ထိုအလှတရားကို ပိုက်စိပ်တိုက်ရှာဖွေပါသော်လည်း လိုက်လေဝေးလေ ရှာလေပျောက်လေဖြင့် အစအနပင် မကျန်ရစ်တော့ပေ။
ထိုအခါ စဉ်းစားစရာတစ်ခု ပေါ်ပေါက်လာလေပြီ။ ထိုအရာကား -

``လောကတွင် စစ်မှန်သော အလှတရားကား ဘယ်ဟာပါနည်း´´

ထိုစစ်မှန်သော အလှတရားကို ရှာဖွေမတွေ့သရွေ့လှသည်ထင်ရသောအရာများ
(အလှအတုအပများ)  ဖြင့်သာ ကျေနပ်နေရပေလိမ့်မည်ဖြစ်၏။ သို့တည်းမဟုတ် အတုအပဖြစ်သောအလှများကိုကျေနပ်နှစ်သိမ့်နေသရွေ့ စစ်မှန်သော အလှတရားများမှာ ပျောက်ကွယ်နေဦးမည်သာဖြစ်၏။

သို့ဆိုလျှင် အလှတရားကို တန်ဘိုးထားသူတို့အတွက် အကာကိုအနှစ်ထင်ပြီး အနှစ်မပါအကာသက်သက်အလှတရားကိုသာ ရှာဖွေသိမ်းပိုက်ထားသဖြင့် နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့  အသာရအလှတရားကိုသာ အစစ်ထင်နေကြဦးမည်သာဖြစ်၏။

ထို့ကြောင့် ရှာဖွေဘို့လိုလာပါပြီ။
``စစ်မှန်သော အလှတရားကားဘယ်ဟာပါနည်း´´

အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ်ထံသို့ အမျိုးအမည် အားဖြင့် မထင်ရှားသော နတ်သားတစ်ပါးသည် ညသန်းခေါင်ယံအချိန်တွင် ထိုအလှတရားနဲ့ပတ်သတ်ပြီး မေးလျှောက်ဖူးလေ၏။
``ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ၊ တပည့်တော် ရှင်တော်မြတ်ဘုရားအား သိလိုသောအကြောင်းအရာတစ်ခုကို မေးလျှောက်လိုပါ၏ဘုရား´´

``အမောင်နတ်သား ၊ သင်သိလိုရာမေးပါလေ´´ ဟု ဘုရားရှင် ခွင့်ပြုတော်မူသောအခါ -  -  -
``ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ လူသားအားလုံးတို့သည် အလှတရားကို တန်ဘိုးထားတတ်ကြသည် ဖြစ်သောကြောင့် မိမိတို့ လှမည်ထင်သောတန်ဆာတို့ကို ၀တ်ဆင်ပြီး အလှဆင်တတ်ကြပါသည်ဘုရား၊ သို့သော် အသက်အရွယ်ကြီးပြီး အိုမင်းရင့်ရော်လာသောအခါတွင်မူ ထင်မှတ်ထားသည့်အတိုင်း တကယ်မလှကြတော့ပါဘုရား´´ထိုကဲ့သို့အသက်အရွယ်ကြီးသည့်တိုင်အောင်
လှနေဘို့ရာ အဘယ်ကဲ့သို့လုပ်ဆောင်ရပါမည်နည်းဘုရား´´ ဟုလျှောက်ထား လေလျှင်

ဘုရားရှင်ကိုယ်တော်မြတ်က အောက်ပါအတိုင်းမိန့်တော်မူ လေ၏။

``သီလံ ယာဝ ဇရာ သာဓု ´´ဟူသည်တည်း။
အလှစစ်သည်တစ်ခြားမဟုတ်၊ သီလတရားပင်တည်း။

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ၊ ရူ တိုင်းလှပါ၊
သီလစောင့်ငြား ၊ မလားပါယ်ရွာ၊
မြတ်သီလ ၊ စိတ်ချကိုးကွယ်ရာ။